နိဒါန်း
ကရင်နီပြည်သည် ဗြိတိသျှကိုလိုနီခေတ်မှစတင်၍ သီးခြားရပ်တည်မှု အတွေ့အကြုံရှိခဲ့သည့် ဒေသတစ်ခုဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ သမိုင်းတွင်လည်း အရေးပါသော အခန်းကဏ္ဍတစ်ရပ်ကို ဆက်လက်သယ်ဆောင်လာခဲ့သည်။ ရာစုနှစ်ဝက်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ ပေါ်ထွန်းလာခဲ့ပြီး အဖွဲ့တစ်ခုချင်းစီတွင် သီးခြားသမိုင်း၊ သီးခြားအတွေ့အကြုံနှင့် သီးခြားယုံကြည်ချက်များ တည်ဆောက်ထားကြသည်။
အချို့အဖွဲ့များသည် လူမျိုးရေးအခြေခံထားသလို အချို့အဖွဲ့များသည် နိုင်ငံရေးအယူအဆ အခြေခံထား ကြသည်။ ထို့အပြင် တပ်ဖွဲ့စည်းပုံ၊ စည်းကမ်းစနစ်၊ အကျိုးခံစားခွင့်များနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများတွင်လည်း မတူညီမှုများ ရှိနေသည်။ တော်လှန်ရေးကာလအတွင်း ရေရှည်တာဝန် ထမ်းဆောင်ရန် စည်းရုံးပြောဆိုထားမှုများ၊ အပြန်အလှန်ပေးထားသည့် ကတိကဝတ်များလည်း ကွာခြားနိုင်သည်။
ယနေ့အခြေအနေတွင် ပြည်နယ်လုံးဆိုင်ရာ တပ်မတော်တစ်ခုတည်း ပေါ်ထွန်းရေးကို စည်းရုံး လှုံ့ဆော်သည့်အသံများ မြင့်တက်လာနေသည်။ ဤရည်မှန်းချက်သည် လူထုဆန္ဒအပေါ် အခြေခံ ထားသည့်အပြင် စစ်မြေပြင်နှင့် လက်ရှိနိုင်ငံရေးအခြေအနေအရ လက်တွေ့လိုအပ်ချက်တစ်ရပ်လည်း ဖြစ်လာသည်။ သို့ရာတွင် “လူကြိုက်၊ နတ်ကြိုက်” ဟုဆိုနိုင်သည့် အမြင်ရှိသော်လည်း မတူညီသည့် စိတ်ကူးများ၊ စိုးရိမ်ချက်များလည်း ရှိနိုင်သည်။ ထို့ကြောင့် စနစ်တကျ အချိန်ယူပြင်ဆင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
တပ်မတော်တစ်ခုတည်းဖြစ်ရေး၏ အရေးပါမှု
တပ်မတော်တစ်ခုတည်းအောက်တွင် အင်အားစုများ ပေါင်းစည်းနိုင်ပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ပထမဦးစွာ စစ်ရေးထိရောက်မှု တိုးတက်လာနိုင်သည်။ အမိန့်ပေးစနစ် တစ်ခုတည်းအောက်တွင် စစ်ဆင်ရေးများကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းသည် အတွင်းပဋိပက္ခများ လျော့နည်းစေပြီး အင်အား ပေါင်းစည်းမှုကို တိုးမြှင့်စေနိုင်သည်။
ဒုတိယအနေဖြင့် နိုင်ငံရေးအရ ယုံကြည်စိတ်ချရမှု မြင့်တက်လာနိုင်သည်။ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် တစ်ညီတစ်ညွတ်တည်း စည်းလုံးသည့် အင်အားစုအဖြစ် လက်ခံလာနိုင်ခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် အားသာချက်တစ်ရပ် ဖြစ်လာနိုင်သည်။
တတိယအနေဖြင့် ဘဏ္ဍာရေးနှင့် အရင်းအမြစ်များကို ဗဟိုထိန်းချုပ်မှုအောက်တွင် စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှု တိုးတက်လာနိုင်သည်။ ထို့ကြောင့် တပ်မတော်တစ်ခုတည်းဖြစ်ရေးသည် မဟာဗျူဟာအရ အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။

ရှိနေဆဲ စိန်ခေါ်မှုများ
သို့သော် လက်တွေ့အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများ များစွာရှိနေသည်။
အဖွဲ့အစည်းတစ်ခုချင်းစီတွင် ကိုယ်ပိုင်အာဏာ၊ ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် ကိုယ်ပိုင်ခေါင်းဆောင်မှု စနစ်များ ရှိနေသဖြင့် ပေါင်းစည်းမှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်နိုင်သည်။ သမိုင်းကြောင်းအရ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုအားနည်းချက်များလည်း ဆက်လက် တည်ရှိနေသေးသည်။ ထို့အပြင် လုပ်ထုံးလုပ်နည်းများ၊ လေ့ကျင့်ရေးစနစ်များနှင့် စည်းကမ်းစနစ်များ မတူညီခြင်းကြောင့် ပေါင်းစပ်ရေးလုပ်ငန်းစဉ်သည် အချိန်ယူရမည်ဖြစ်သည်။ အလျင်အမြန် အတင်းအကျပ် ပေါင်းစည်းခြင်းသည် မလိုလားအပ်သည့် ပြိုကွဲမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သေချာစဉ်းစား ဆောင်ရွက်သင့်ပါသည်။
ဖြစ်နိုင်သော ချဉ်းကပ်နည်းများ
တပ်မတော်တစ်ခုတည်းဖြစ်ရေးကို အဆင့်ဆင့် ချဉ်းကပ်နိုင်မည်ဖြစ်ပါသည်။
ပထမအဆင့်အဖြစ် ညှိနှိုင်းကောင်စီတစ်ရပ် ဖွဲ့စည်း၍ အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်နိုင်သည်။ ညှိနှိုင်းဆောင်ရွက်မှုများမှတဆင့် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများ တိုးပွားလာနိုင်သည်။ ပြည်နယ်တွင်းရှိ တစ်ချို့လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် ပူးပေါင်းဆောင်ရွက်မူများ ရှိနေပြီးဖြစ်သည်။ ကောင်းသောလက္ခဏာများစွာ ရှိပြီးဖြစ်သည်။
နောက်ပိုင်းတွင် အမိန့်ပေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် စည်းမျဉ်းစည်းကမ်းများကို တဖြည်းဖြည်း တူညီအောင် ပြုပြင်ပြောင်းလဲနိုင်သည်။ နောက်ဆုံးတွင် ဗဟိုထိန်းချုပ်မှု ခိုင်မာသည့် တပ်မတော်တစ်ခုတည်းအဖြစ် ပြောင်းလဲပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းသည် ပျော့ပျောင်းသည့် အသွင်ကူးပြောင်းမှုဖြစ်ပြီး အဖွဲ့အစည်းများ၏ စိုးရိမ်ချက်များကို လျော့နည်းစေနိုင်သည်။
လိုအပ်သော အခြေခံသဘောတရားများ
တပ်မတော်တစ်ခုတည်း ပေါင်းစည်းရေး အောင်မြင်စေရန်အတွက် —
- တူညီသော နိုင်ငံရေးရည်မှန်းချက်
- ရှင်းလင်းပြတ်သားသော အမိန့်ပေးစနစ်
- ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု
- ကိုယ်စားပြုမှုမျှတမှု
- အရပ်သားထိန်းချုပ်မှုနှင့် တာဝန်ခံမှု
တို့ မရှိမဖြစ် လိုအပ်သည်။ ယုံကြည်မှုမရှိပါက မည်သည့်ဖွဲ့စည်းပုံမဆို ရေရှည် မတည်တံ့နိုင်ကြောင်း သမိုင်းအတွေ့အကြုံများက သက်သေပြထားသည်။
နိဂုံးချုပ်
ကရင်နီပြည်အတွင်း တပ်မတော်တစ်ခုတည်း ပေါ်ထွန်းရေးသည် စစ်ရေးကိစ္စတစ်ရပ်သာမက နိုင်ငံရေး၊ စီမံခန့်ခွဲရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်သည်။ အားသာချက်များစွာ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသည်။
သို့သော် စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်လေးစားမှုနှင့် စနစ်တကျ အဆင့်ဆင့်ချဉ်းကပ်မှုတို့ဖြင့် ဆောင်ရွက်နိုင်ပါက မတူညီသည့် အင်အားစုများကို တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းနိုင်သည့် အခွင့်အလမ်း ရှိနေသည်။
ကရင်နီပြည်၏ အနာဂတ်လုံခြုံရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန် တပ်မတော်တစ်ခုတည်း ပေါ်ထွန်းရေးသည် ခက်ခဲသော်လည်း မဖြစ်မနေလိုအပ်သော လမ်းကြောင်းတစ်ရပ် ဖြစ်သည်။ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးနိုင်သော်လည်း စနစ်တကျ အချိန်ယူ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး စည်းလုံးညီညွတ်စွာ ဆက်လက်လျှောက်လှမ်းသင့်သည်ဟု ယုံကြည်ပါသည်။
ထူးချစ် ( ပြည်ပဆောင်းပါးရှင်) ပေးပို့သည်။
ဤအတွေးအမြင်ဆောင်းပါးသည် သက်ဆိုင်ရာစာမူရှင်၏ အာဘော်သာ ဖြစ်ပါသည်။




