စောအယ်ကညော
ရွာအလယ်က “တီး တီး” ဆိုတဲ့ ကားဟွန်းတီးအချက်ပေးသံကို ကြားလိုက်ရတဲ့အချိန်မှာပဲ ရေပုံးကိုယ်စီ ဆွဲကိုင်ထားတဲ့လူတွေဟာ အသံလာရာဆီကို အပြေးအလွှား ရောက်လာကြပါတယ်။ သူတို့နောက်ကျလို့မရပါဘူး။ နောက်ကျသွားရင် သူတို့ အတွက် နေအိမ်နဲ့ တဲအိမ်လေးတွေမှာ တပတ်စာနီးပါး အသုံးပြုလို့ရမယ့် အရာတခုကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ”ရေ” ပဲဖြစ်ပါတယ်။
ဆောင်းကုန်လို့ နွေအကူး အပူချိန်တွေမြင့်တက်လာတဲ့အချိန်မှာတော့ ဒီလူထုတွေ အဓိကလိုအပ်နေတာက ရေ ပါ။
ကရင်နီပြည်ဟာ တပြည်နယ်လုံးအတိုင်းတာနဲ့ ရေရှားပါးမှု ပြဿနာအခက်ခဲတွေကို နှစ်စဉ်ကြုံတွေ့နေရတာပါ။
“ရေကတော့ အခက်ခဲဆုံးပဲပေါ့။ ရေလည်း ချွေတာပြီး သုံးရတယ်လေ။ ကလေးငယ်နဲ့နေတဲ့အခါတော့ ရက်တိုင်း အဝတ်လျှော်ရတယ်ကောနော်။ ရေကိုချွေတာပြီး သုံးရတယ်။ ရေလည်း မဝယ်နိုင်ဘူးကော။ ဝယ်လည်းမဝယ်နိုင်တော့ ရွှေလိုပဲ ချွေတာပြီးသုံးရတယ်။”လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဒေါ်စဲမြာ က ပြောပါတယ်။
ရေရှားပါးတာကြောင့် စစ်ဘေးရှောင်တွေဟာ အဝတ်လျှော်ပြီးသား ရေကိုခံယူပြီး အိမ်သာရေအနေနဲ့ ပြန်သုံးတာ၊ အပင်တွေကို ရေလောင်းတာ စသဖြင့် ပြန်လည်အသုံးပြု ကြရပါတယ်။
“ကျမဆို ရေပေါတဲ့နေရာကလာတော့ ချွေတာရတာ ကိုယ့်အတွက် အရမ်းခက်ခဲတယ်။ ဘယ်လိုချွေတာရလဲဆို၊ အဝတ်စားလျှော်တာကစ၊ ရေချိုးတာကစ၊ အရင်ကနှစ်ပုံးလောက် ချိုးဆို အခုဆို တပုံးလောက်နဲ့ပဲ မဖြစ်ဖြစ်အောင်ချိုးရတယ်။ အဝတ်စားလျှော်ဆို လျှော်ပြီးတဲ့ရေဆိုလည်း အပင်ရေလောင်းတာပဲဖြစ်ဖြစ်၊ အိမ်သာရေသုံးတာပဲဖြစ်ဖြစ်ပေါ့။ အဲ့လိုပြန်ပြီး အစားထိုးသုံးတယ်ပေါ့” လို့ စစ်ဘေးရှောင်တဦးဖြစ်တဲ့ မရွှေစင်က ပြောပါတယ်။
ကရင်နီတပြည်လုံး အတိုင်းတာနဲ့ပြောရင်တော့ ရေရှားပါးတဲ့ အခြေအနေခြင်း မတူညီကြသလို ရေဝယ်ရတဲ့ ကုန်ကျစရိတ်တွေကလည်း မတူညီကြပါဘူး။ ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်း မှာတော့ လက်ရှိရေတန်ဖိုးဟာ လီတာ ၁၀၀၀ ဆန့်တဲ့ ပုံးတပုံးကို မြန်မာငွေကျပ် (၁၅၀၀၀) ပေးဝယ်ရပြီး လီတာ ၃၀၀၀ တင်ဆောင်ထားတဲ့ရေကားတစီးကို ၄၅၀၀၀ ကျပ် အထိပေးဆောင်ရပါတယ်။
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲဘက်မှာတော့ တချို့သော စစ်ရှောင်စခန်း တွေမှာသာ ရေရှားပါးကြပြီး ရေကားတစီးကို ကျပ်(၂၀၀၀၀) ပေးဝယ်ယူကြရပါတယ်။
ဖရူဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာတော့ ရေအရင်းမြစ်က ပိုရှားပါးသလို ရေတန်ဖိုးကလည်း ပိုများပါတယ်။ လက်ရှိဖရူဆိုမှာ ရေလီတာ ၁၀၀၀ ဆန့် ပုံးတပုံး မြန်မာငွေ ကျပ် (၅၀၀၀၀) ဖြစ်နေပြီး၊ ရေလီတာ ၆၀၀၀ တင်ထားတဲ့ ကားကြီးတစီးကို သုံးသိန်းကျပ် အထိ ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။
ဒါဟာလည်း ဆောင်းအကုန်၊ နွေအကူးကာလမှာ ကျသင့်တဲ့ ဈေးနှုန်းဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ အဲ့ထက်ပိုများတဲ့ အဖိုးအခကိုပေးပြီး ရေဝယ်ယူကြရတော့မှာ ဖြစ်ပါတယ်။
ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ ရေကိုချိုးဖို့၊ လျှော်ဖို့ထက် စားဖို့သောက်ဖို့အတွက်ကိုသာ အဓိကထား အသုံးပြုနေကြရတာ ဖြစ်ပါတယ်။
“ရေနဲ့ပတ်သက်တာဆို ကျနော်တို့ ဒီဖက်မှာ ရေအရင်းမြစ်မရှိတော့ အခက်ခဲတွေကြုံတွေ့ရတယ်။ ကျနော်တို့ရေသွားခပ်တာတောင်မှ လုံလုံလောက်လောက် မသုံးရဘူးပေါ့။ တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်တာဆို ချင့်ချိန်ပြီးတော့ တရက်ကို ဘယ်နှလီတာသုံးမယ်ဆိုပြီး အခက်ခဲကြုံရတာပေါ့။ တကယ့်အဝတ်လျှော်ဖို့၊ ရေမိုးချိုးဖို့ကတော့ မလုံလောက်ဘူးပေါ့နော်။ စားဖို့ပဲ သွားခပ်ပြီးတော့ စားသောက်နေရတဲ့ အခြေနေမှာရှိပါတယ်။” လို့ ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ ဦးလှချေး က ပြောပါတယ်။
ပူပြင်းတဲ့ နွေရာသီကို တဖြည်းဖြည်းကူးပြောင်းလာတာကြောင့် ရေထွက်ပေါက်နဲ့ ရေအရင်းအမြစ်တွေကလည်း တဖြည်းဖြည်းခမ်းစပြုလာနေပါပြီ။ ဒါကြောင့် စစ်ဘေးရှောင်နဲ့ ဒေသခံ ရွာခံတွေကလည်း ရေခပ်ယူတဲ့အခါမှာ ရေစုပ်စက်တွေသုံးတာ၊ ရေပမာဏ များများခပ်ယူတာတွေကို ကန့်သတ်လာပါတယ်။
ဖရူဆိုမြို့နယ်ထဲက တချို့ဒေသခံတွေဟာ ရေအရင်းအမြစ်ရှိရာကို သွားပြီးရေခပ်ယူဖို့အတွက်
အသွားခရီးကိုတောင် အနည်းဆုံးအချိန် (၁)နာရီခွဲ ကြာအောင် အသုံးပြုရပါတယ်။ ရေသယ်ယူဖို့အတွက် ထော်လာဂျီစက်တွေကို အသုံးပြုကြရတာကြောင့်လည်း ကုန်ကျစရိတ်များပါတယ်။
“တနာရီခွဲလောက်ထင်တယ်။ လမ်း ခက်ခဲရှိတယ်ပေါ့နော်။ လမ်း မကောင်းဘူး၊ တောင် နည်းနည်း တက်တယ်ပေါ့နော်။ လမ်းက ကျောက်နဲ့ခင်းတော့ လမ်း မကောင်းဘူး။ ဆီကတခေါက် တဂါလံ” လို့ ရေလာခပ်တဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင် တဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ၁ နာရီခွဲကြာအောင် သွားရတဲ့ ဒီခရီးဟာ ရေမခမ်းသေးတဲ့ ရေထွက်ပေါက်ဆီကို သွားတာဖြစ်ပါတယ်။ အဆိုပါ ရေထွက်ပေါက်တွေခမ်းသွားရင် ဒီထက်ပိုမိုဝေးလံတဲ့ ရေအရင်းအမြစ်တွေဆီ သွားရောက်ခပ်ယူကြရပြီး အသွားခရီးအတွက် အချိန် ၃ နာရီကြာတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေရဲ့ ရေကန်ဟာ မိုးကာနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေကန်ကို ကြွက်ဖောက်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်ကြရပါသေးတယ်။
“အခုဆို ကျမတို့စစ်ဘေးရှောင်တော်တော်များများက အုတ်ကန်မလုပ်နိုင်ကြဘူး မိုးကာနဲ့ပဲ၊ အိမ်တိုင်းလိုလိုမိုးကာနဲ့ပဲ ရေခံတယ်။ တချို့အိမ်က ကြွက်ကိုက်တယ်။ တချို့က သုံးလေးလနေရင် ဆွေးသွားတယ်။ တချို့က တပေါက်လောက်ပေါက်သွားပြီဆိုတာနဲ့ကို ရေကစိမ့်ထွက်ကုန်တယ်။ လိုက်ဖာလို့ အဆင်မပြေဘူး။ အဲ့လိုမျိုးတွေကြုံနေရတယ်” လို့ စစ်ဘေးရှောင် မရွှေစင် ကပြောပါတယ်။
အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိတဲ့စစ်ဘေးရှောင်တွေအတွက် ရေဝယ်ဖို့၊ မိုးကာဝယ်ဖို့ဆိုတာဟာ မလွယ်ကူလှပါဘူး။
ရေရှားပါးမှုက ပေးတဲ့ ရောဂါဘယ
ရေရှားပါးမှုကြောင့်ဖြစ်လာတဲ့ ရိုက်ခတ်မှုတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ စစ်ဘေးရှောင်တွေဟာ ရေရှားပါးမှုကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ရောဂါဘယတွေကိုလည်း ခံစားကြပါတယ်။
“ရေကမရှိမဖြစ် လိုအပ်တယ်ပေါ့။ ရေမရှိဘူးဆိုရင် ကျနော်တို့ကျန်းမာရေးပိုင်းမှာတော့ တော်တော် ခက်ခဲတယ်။ တကိုယ်ရေသန့်ရှင်းရေးလည်း မလုပ်နိုင်တဲ့အခါကျတော့ ကျန်းမာရေးပိုင်းမှာတော့ တော်တော်လေးဖျားနာတာ ယားယံတာတို့ အဲ့လိုမျိုးတွေပေါ့” လို့ ဖရူဆိုစစ်ဘေးရှောင် ဦးလှချေး ကပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ရေရှားပါးမှုကြောင့် အရေပြားယားယံတာတွေကို လူကြီး၊ ကလေး အားလုံးက ခံစားလာကြရပါတယ်။
“စ ယားတဲ့အချိန်ဆို တလုံးပဲ ပေါက်တယ်လေ။ နောက် ကုတ်တဲ့ချိန်ဆို တချက်ကုတ်ရပြီဆို အများကြီး ပွားလာတယ်။ ဆေးခန်းမှာသွားပြတာ ဆေးလည်း လိမ်းရတယ်။ သောက်လည်း သောက်ရတယ်။” လို့ ယားယံတဲ့ဝေဒနာ ခံစားနေရတဲ့ ဒေါ်အေးမေက ပြောပါတယ်။
ယားယံလို့ ဆေးတွေ သောက်ခဲ့ လိမ်းခဲ့ကြပေမဲ့ အရှင်းပျောက်တာမျိုးတွေမရှိဘူးလို့လည်း သူမက ဆက်ပြောပါတယ်။
ရေရှားပါးမှုကြောင့် ဖြစ်လာတဲ့ အရေပြား ရောဂါဟာ လူကြီး၊ လူငယ်သာမက ကလေးတွေမှာလည်း အဖြစ်များကြပါတယ်။
စိတ်မလုံခြုံမှုနဲ့ လူတောမတိုးမှု
ယားယံတဲ့ ဝေဒနာဟာလည်း ရပ်တန့်မသွားဘဲ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေမှာ တနေ့တာ အလုပ်အကိုင်တွေအထိ ဝင်ရောက်နှောက်ယှက်လာပါတယ်။
“အစည်းဝေးသွားရင်လည်း သူများကြည့်ခါကျတော့ ရှက်တာပေါ့။ ဒါမဲ့လည်း မတတ်နိုင်ဘူး။ နောက် အိပ်တဲ့ချိန်ဆို ယားသလားမမေးနဲ့ ယားတော့ ကုတ်ကုတ်ပြီးတော့၊ ဆေးရှိတယ်ဆို ဆေးလိမ်းတယ်။ ဆေးလိမ်းတော့ နည်းနည်းသက်သာသွားတယ်။ ဆေးပြောင်(ကုန်) သွားတဲ့အခါကျတော့ ပြန်ဖြစ်ရော။ ပြန်ယားရော။ စိတ်ထဲမှာတော့ ရှိတာပေါ့။ လက်ကသန့်လည်း မသန့်ဘူး။ သူများကြည့်တော့ ပိုလို့တောင်စိတ်ထဲမှာ ရှက်တယ်။ ရေထိမယ်ဆိုလည်း မတည့်တာလည်း ရှိတယ်ကော၊ နွားကိုင်ရင်၊ ဝက်ကိုင်ရင် အဆီတွေပေါ့ အဲ့မျိုးအနံ့ရရင် လုံးဝမရဘူး ပိုတောင်ယားတယ်” လို့ ယားယံတဲ့ဝေဒနာကို ခံစားနေရတဲ့ စစ်ဘေးရှောင်တဦးကပြောပါတယ်။
ယားယံတာကြောင့်ပဲ မိသားစုဝင်တွေကို အလှူရှင်တွေက အာဟာရ လာကျွေးပေးလို့ ပါဝင်ချက်ပြုတ်ရမယ့်အချိန် နဲ့ အစည်းဝေးမှာပါဝင်ရမယ့်အချိန်တွေမှာ ကိုယ့်ကိုယ်ကို မသတီတာတွေလည်း ခံစားရတယ်လို့ ဆိုပါတယ်။
ဒီလို ခေတ်ကာလဆိုးကြီးထဲမှာ အစစအရာရာ လိုအပ်ချက်ရှိနေကြတဲ့အခါ သဘာဝကပေးတဲ့ ရေဟာလည်း ရွှေလိုအဖိုးတန်လာပါတယ်။ ဒါကြောင့် ကရင်နီပြည်ထဲက စစ်ဘေးရှောင်တွေ၊ ဒေသခံတွေကတော့ လာမယ့်နွေမှာ ရွှေလိုအဖိုးတန်တဲ့ ရေကို ချွေတာသုံးရင်း နောက်ဆက်တွဲ ရောဂါဘယတွေရဲ့ ဒဏ်ကို အလူးအလဲခံစားကြရအုံးမှာပါ။



