spot_img
29.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါး“မလွှဲရှောင်သာ စိုက်ရတဲ့ ဘိန်းခင်းများ”

“မလွှဲရှောင်သာ စိုက်ရတဲ့ ဘိန်းခင်းများ”

-

ကန္တာရဝတီတိုင်း (မ်)

စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင် ဘိန်းစိုက်ပျိုးမှုကို ရွေးချယ်သင့်တဲ့ စီးပွားဖြစ် အလုပ်တခုအဖြစ် လူထုတွေကလက်ခံယူဆလာကြတယ်လို့ ဘိန်းစိုက်ပျိုးသူတွေက ပြောပါတယ်။

စားဝတ်နေရေးအတွက် အဓိကလိုအပ်တဲ့ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်တာက ရာသီဥတုနဲ့ အဖျက်ပိုးတွေကြောင့် အရှုံးပေါ်ကြသလို၊ အရင်းအနှီးကို နိုင်နိုင်မသုံးစွဲနိုင်ကြတဲ့အခါ အထွက်နှုန်းတွေ လျော့ကျတာကြောင့်လည်းဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒါ့ကြောင့်လည်း တောင်သူတွေဟာ စပါးစိုက်ပျိုးကြမယ့်အစား ငွေရလွယ်ပြီး အချိန်တိုအတွင်း ဝင်ငွေပြန်ရနိုင်တဲ့ ဘိန်းစိုက်ပျိုးမှုကို ပိုမိုလုပ်ကိုင်လာကြတယ်လို့ အမည်မဖော်လိုတဲ့ ဘိန်းစိုက် တောင်သူတဦးပြောပြတာကို အသံအစားထိုးပြန်ပြောထားပါတယ်။

“ကျနော်တို့လည်းမတတ်နိုင်ဘူးလေး။ အခုကခေတ်အခြေအနေမကောင်းတော့ ဒါကိုမှမစိုက်ရင် စားစရာမှ မရှိတော့တာ။ ခေတ်အခြေနေကောင်းတုန်းကဆိုရင် တခြားသီးနှံတွေ ကျနော်တို့စိုက်တာ ပဲလေး။ အခုက မတတ်သာလို့စိုက်တာပါနော့” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိန်းစိုက်တောင်သူ တဦးက ပြောပါတယ်။

ဘိန်းစိုက်ရာမှာလည်း တနှစ်ကို နှစ်သီးစားနိုင်ဖို့အတွက် စိုက်ကြသူတွေရှိနေပါတယ်။ ဘိန်းတခါ စိုက်ပျိုးဖို့အတွက် အချိန်သုံးလရင်းပြီး အနီးကပ်စောင့်ရှောက်ပျိုးထောင် ပေးလိုက်ရုံနဲ့ အမြတ်များများ ကျန်ခဲ့တယ်လို့‌ ပြောပါတယ်။

အစေးထွက်ကောင်းတဲ့ ဘိန်းတဧကဟာ ပုံမှန်အားဖြင့် ပိဿာချိန် ၁၅ ပိဿာ ထွက်တယ်လို့ ဘိန်းစိုက်တောင်သူတဦးက ပြောပါတယ်။

အရင်နှစ်က ဘိန်းစေး တပိဿာကို ကျပ် ၇ သိန်းစျေးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကတော့ တပိဿာ ဆယ်သိန်း၊ ဆယ့်တသိန်း အထိ စျေးရခဲ့တာကြောင့် စျေးရမယ်မျှော်လင့်ချက်နဲ့ စိုက်ပျိုးသူအရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဝယ်သူရှားနေတယ်လို့လည်း တောင်သူတွေကပြောကြပါတယ်။
ကရင်နီပြည်မှာ ၂၀၂၄ ကနေ ၂၀၂၅ ခုနှစ်အထိ တနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ဧကပေါင်း ၂၆၉ ကျော်တိုးလာတယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ကပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။

အဲဒီထဲမှာ အများဆုံးကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာပါ။ ဒီဒေသဟာ ယခင် NLD အရပ်သားအစိုးရလက်ထက်က ထောပတ်ပ အစားထိုးသီးနှံတွေကို စိုက်ပျိုးစေခဲ့တဲ့ ဒေသဖြစ်ပြီး အခုအာဏာသိမ်းကာလအတွင်းမှာ ဘိန်းစိုက်ပျိုးမှု တဖန်ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

ဘိန်းစိုက်ပျိုးမှု တိုးလာတယ်လို့ ပြောဆိုထားတဲ့ UNODC ရဲ့ အစီရင်ခံစာကိုတော့ စစ်ကော်မရှင်ဖက်က အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို ကိုးကားရေးသားထားတယ်လို့ တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ ထောပတ်တင်ပို့ရောင်းချမှုဟာ အောင်မြင်သလောက်ရှိခဲ့ပြီး ဘိန်းစိုက်ဧက သိသိသာသာ လျော့သွားခဲ့တယ်လို့ ဒေသခံတဦးက ရှင်းပြပါတယ်။

“အခုဆိုရင် လမ်းပမ်းဆက်သွယ်ရေးလည်း မကောင်းတော့ဘူးရော။ ဒီမှာပဲ ရောင်းမယ်ဆိုရင်လည်း ထောပတ် တပိဿာ ၅၀၀၊ ၁၀၀၀ ဘဲရတော့ မကိုက်ဘူးလေး။ ပြီးတော့ ဒီဖက်မှာက အေးတော့ ပြောင်းဖူးလည်း မအောင်ဘူး။ စပါးလည်းမကောင်းဘူးလေး။ အဲကြောင့်မိုလို့ ဘိန်းပြန်စိုက် လာကြတယ်။ အရင်က စိုက်ထားခဲ့တဲ့ ထောပတ်ပင်တွေလည်း ခုတ်ပြီးထင်းတွေနဲ့ ပြန်လုပ်ကုန်ကြပြီ” လို့ပြောပါတယ်။

ကရင်နီပြည်၊ လွိုင်နန်းဖ မြို့နယ်အတွင်းမှာလည်း ဒီနှစ်ထဲမှာ ဘိန်းစိုက်ပျိုးဧကတွေ များလာသလို ဒီးမော့ဆိုမြို့နယ်အတွင်းက တောင်ပေါ်ဒေသတွေမှာလည်း ဘိန်းစိုက်တောင်သူတွေ များလာတာကို ကန္တာရဝတီတိုင်း (မ်) မြေပြင်သတင်းထောက်ရဲ့ ကွင်းဆင်းလေ့လာမှုအရ သိရပါတယ်။

ဘိန်းစိုက်ပျိုးမှုက ဆင်းရဲနွမ်းပါးမှုနဲ့ အလွန်ချိတ်ဆက်နေတယ်လို့ ၂၀၁၃ ခုနှစ်မှာ ထုတ်တဲ့ ပထမအကြိမ် အရှေ့တောင်အာရှ ဘိန်းစိုက်သူများဖိုရမ်ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေက အများပြည်သူ ဝန်ဆောင်မှုမရှိတဲ့ ဝေးလံခေါင်ဖျားဒေသ ၊ တသီးတခြားဖြစ်နေတဲ့ တောင်ပေါ်တောင်တန်းဒေသတွေမှာ အများဆုံး တွေ့ရတယ်လို့ ပြောထားပါတယ်။ အဆိုပါဒေသက ဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့်အပြင် ၊ ဆေးကုသရာမှာလည်း ပြန်လည် အသုံးချဖို့အတွက် ဘိန်းကိုစိုက်ပျိုးကြတာလို့လည်း အစီရင်ခံစာက ပြောပါတယ်။

လက်ရှိမှာလည်း တပြည်လုံးနီးပါး စစ်ဘေးရှောင်နေရတဲ့ ကရင်နီမှာ ဒေသခံ နဲ့ စစ်‌ဘေးရှောင်တွေက စားဝတ်နေရေး၊ ဝင်ငွေရရှိရေးအတွက် ဘိန်းကို ရွေးချယ် စိုက်ပျိုးလာနေကြတာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သတ်ပြီး ကရင်နီပြည်ရဲ ၊ ကရင်နီပြည်ကြားကာလ အစိုးရတို့ကို ကန္တာရဝတီတိုင်း(မ်) က ယခင်ကတည်းက အကြိမ်ကြိမ်မေးမြန်းခဲ့ပေမဲ့ ထူးထူးခြားခြား တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

တောင်သူတွေကိုမေးမြန်းရာမှာတော့ ဘိန်းစိုက်ခင်းကနေတဆင့် အစိုးရတွေလို့ဆိုနိုင်တဲ့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို အခွန်ငွေ ပေးဆောင် ရတယ်လို့ ပြောကြပါတယ်။

ရေသွင်းစိုက်ပျိုးကြတဲ့ ဘိန်းစိုက်ခင်းတွေမှာတော့ အသုံးပြုတဲ့ ရေပိုက်ခေါင်း အရေအတွက် အပေါ်မူတည်ပြီး အခွန်ငွေပေးဆောင်ကြရတယ်လို့လည်းဆိုထားပါတယ်။

“ပိုက်ခေါင်းတခုဆို ၁၅၀၀ ပေးရတယ်။ နောက်ထပ် လမ်းပြင်ဖို့ဆိုပြီးတော့ ၅၀၀ ထပ်ကောက်တယ်။ စုစုပေါင်း ရေပိုက်ခေါင်းတခုကို ၂၀၀၀ အခွန်ဆောင်ရတာပေါ့” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိန်းစိုက်တောင်သူတဦးက ပြောပါတယ်။

ဘိန်းကို နှစ်သီးစား စိုက်ကြတဲ့တောင်သူတွေဟာ နွေရာသီစိုက်ခင်းတွေအတွက် ရေသွင်းစိုက်ပျိုးကြရတာပါ။
ရေပိုက်ခေါင်းကို စိုက်ပျိုးခင်းအလယ်တွေမှာ ဆယ်ချီ ရာချီ ထောင်ထားပြီး အခင်းကို ရေပက်ဖြန်းပေးကြတာပါ။ အဲဒီရေပိုက်ခေါင်းအရေအတွက် အနည်းအများပေါ်မူတည်ပြီး ဆောင်ရတဲ့အခွန်တွေလည်း အနည်းအများကွာသွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူတွေက ဘိန်းစိုက်ပျိုးခြင်းကနေ ဘိန်းခြစ်ရာမှာထွက်တဲ့ ဘိန်းအစေးကြောင့် ဓာတ်မတည့်သူ တချို့က အရေပြားယားယံတဲ့ ကျန်းမာရေးပြဿနာကိုလည်းရင်ဆိုင်ရတယ်လို့ ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဘိန်းစျေး မကောင်းတာ၊ ဘိန်းခင်းပျက်စီးတာတွေနဲ့ ထပ်မံကြုံရရင်လည်း အရှုံးပေါ်ကြရတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှုကနေတဆင့် ပတ်ဝန်းကျင်မှာ ကျယ်ပြန့်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာကိုလည်း ကြုံရနိုင်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကနေတဆင့် ခိုးမှု၊ ဓားပြမှု၊ လူသတ်မှုတို့ ဖြစ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း စားဝတ်နေရေးလိုအပ်ချက်အရ မလွှဲရှောင်သာ ဘိန်းစိုက်ပျိုးမှုများ‌လာနေတဲ့ ကရင်နီပြည်မှာ ကရင်နီဒေသခံလူထုတွေရဲ့ စိုးရိမ်ပူပန်မှုကလည်း လိုအပ်ချက်တွေနဲ့အတူ တနေ့တခြားကြီးထွားလာနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ