spot_img
29.3 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါးနွေရာသီမှာ ကျန်းမာ၊ လုံခြုံဖို့ ဘယ်လိုနေထိုင်မလဲ

နွေရာသီမှာ ကျန်းမာ၊ လုံခြုံဖို့ ဘယ်လိုနေထိုင်မလဲ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ နွေရာသီဟာ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလလယ် ကနေ မေလအထိ ကြာမြင့်တတ်ပြီး မတ်နဲ့ ဧပြီလတွေမှာ အပူချိန်အမြင့်ဆုံး ဖြစ်တတ်ပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစပြီး နွေရာသီရောက်ပြီးလို့ ကြေညာပါတယ်။ ဒါ့အပြင် ဒီနှစ်နွေရာသီမှာ အပူချိန်အလွန်မြင့်မားတဲ့ အခြေအနေ အဖြစ်ရောက်ရှိ မယ်လို့ ထိုင်းနိုင်ငံမိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ပိုင်း ၂၀၂၆ ခုနှစ်ရဲ့ နွေရာသီကာလကို ရောက်ရှိတော့မှာဖြစ်ပြီး “မိုး” ထက် “မီး” ကို ပိုမိုသတိထားရမယ်လို့ မြန်မာနိုင်ငံရဲ့ နွေရာသီနဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

ဒါကြောင့် ရောက်ရှိလာတော့မယ့် နွေရာသီမှာ ကျန်းမာရေးဆိုင်ရာအပါအဝင် မီးဘေးတွေကို ဘယ်လိုဂရုပြုနေထိုင်ရမလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အပူဒဏ်ကို ဘယ်လိုကာကွယ်မလဲ

နွေရာသီဟာ တနှစ်ထက်တနှစ် ပိုမိုပူပြင်းလာနေပါတယ်။ ၂၀၂၆ ခုနှစ် နွေရာသီမှာလည်း ပုံမှန်ထက် ပိုပြီးပူပြင်းခြောက်သွေ့နိုင်တယ်လို့ မိုးလေဝါသခန့်မှန်းချက်တွေထုတ်ပေးတဲ့ GFS, ECMWF, ICON, JMA စတဲ့မော်ဒယ်တွေကို ကိုးကားပြီး ပြောနိုင်ပါတယ်။

ဒါ့အပြင် မေလဟာ အပူဆုံးလ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး မုတ်သုံလေ အဝင်နောက်ကျတာနဲ့ မိုးဦးမှာ မိုးနည်းတာတွေ ဆက်လက် ကြုံရနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒါကြောင့် ရာသီဥတုအပူချိန် မြင့်တက်လာတဲ့အတွက် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်လွန်ကဲပြီး သတိလစ်ခြင်း၊ အပူငုပ်ခြင်းနဲ့ အပူရှပ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အဲလိုအပူဒဏ်ကို ကာကွယ်ဖို့အတွက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း အပြင်ထွက်တာကို ရှောင်ကျဉ်ရပါမယ်။

မဖြစ်မနေထွက်ရမယ့် အခါမျိုးမှာ နေကာမျက်မှန်တပ်တာ၊ အင်္ကျီလက်ရှည်ဝတ်တာ၊ နေကာခရင်မ် လိမ်းတာ စတာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ရေကိုပုံမှန်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ထိန်းသိမ်းနိုင်ပါတယ်။

နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာမရှိတဲ့နေရာတွေမှာ ရေချိုးတာ၊ အဝတ်လျှော်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

အပူဆုံးအချိန်တွေမှာ ပြင်းပြင်းထန်ထန် မလှုပ်ရှားသင့်ပါဘူး။ မဖြစ်မနေ ရာသီဥတုပူနေတဲ့အချိန်မှာ အလုပ်တွေကို ပြင်းပြင်းထန်ထန်လည်း လုပ်ရမယ်ဆိုရင် ရေနဲ့ဓာတ်ဆားတွေ လုံလောက်စွာ သောက်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာ၊ အလုပ်လုပ်ရတာတွေကို မနက်အစော ဒါမှမဟုတ် ညနေခင်းဘက်တွေမှာ ပြောင်းလုပ်သင့်ပါတယ်။

နွေရာသီနှင့် မိတ်ဖုယားနာ

နွေရာသီမှာ နွေနေပူပူနဲ့ အတူတွဲပြီး ကြုံရလေ့ရှိတာကတော့ မိတ်ပေါက်ခြင်းပါပဲ။ မိတ်‌ပေါက်တာက မွေးကင်းစကလေးငယ်တွေ၊ ကလေးသူငယ်တွေနဲ့ လူကြီးပါမကျန် အဖြစ်များတဲ့ အရေပြားယားယံ မှုတခု ဖြစ်ပါတယ်။

မိတ်ဖုပေါက်တာက တခါတလေ ယားယံစေတတ်တာကလွဲပြီး စိုးရိမ်စရာမလိုဘူးဆိုပေမဲ့ မိတ်ဖုတွေကို ထိုးတာ၊ ဆွတာ၊ ကုတ်ဖဲ့တာတွေ လုပ်မိမယ်ဆိုရင် ပိုးဝင်ပြီး ပြည်တည်နာ ဖြစ်စေတတ်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မိတ်ပေါက်တဲ့အခါ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစား၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။ လေဝင်လေထွက်ကောင်းတဲ့၊ အေးမြတဲ့နေရာမှာသာ အလုပ်လုပ်တာမျိုး၊ အိပ်စက်တာမျိုးကို လုပ်ရပါမယ်။ ရေချိုးတဲ့အခါမှာလည်း ရေအေးအေးနဲ့ ချိုးပေးရပါမယ်။

သတိထားရမှာက မိတ်ဖုကို ထိုးတာ၊ ဆွတာ၊ ကုတ်ဖဲ့တာ စတာတွေကို လုံးဝ မပြုလုပ်သင့်ပါဘူး။

နွေရာသီနှင့် အစားအသောက်
အစားအစာတွေဟာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှာ တနာရီလောက်ထားမိတာနဲ့ သိုးနိုင်ပါတယ်။ အရမ်းပူတဲ့နွေရာသီလိုအချိန်မှာ အပူချိန်က အဲဒီထက် ပိုများနိုင်တာပါ။ ဘက်တီးရီးယားတွေကလည်း အခုလို ပူပြင်းတဲ့အပူချိန်မျိုးမှာ အလွန်မျိုးပွားလွယ်ပါတယ်။

ဒါကြောင့် အစားအသောက်ကို သေချာသိမ်းဆည်းထားဖို့လိုပါတယ်။ ဥပမာ – ချက်ပြီးသား ဟင်းအိုး ထဲကို ပါးစပ်နဲ့ တိုက်ရိုက်ထိထားတဲ့ ဇွန်းနဲ့ ပြန်ခပ်တာမျိုး မပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် ဟင်းကိုအုပ်ထားတဲ့အခါ အေးမှ အလုံပိတ်အုပ်ရပါမယ်၊ ပူနေသေးရင် သိုးလွယ်ပါတယ်။

ဈေးဝယ်တဲ့အခါမှာလည်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ ဝယ်ယူရပါမယ်။ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးခြင်းတောင်းထဲ အတူမထည့်သင့်ပါဘူး။ ဟင်းချက်တဲ့အခါမှာလည်း ဈေးမှ ဝယ်လာတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပြီးမှ ချက်ပြုတ်ရပါမယ်။

အန္တရာယ်ရှိနိုင်တဲ့ အုပ်စုတွေကို အထူးဂရုစိုက်ပါ

သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေကို အန္တရာယ်ရှိနိုင်တဲ့ အုပ်စုတွေလို့ သတ်မှတ်လေ့ရှိပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့အပူဒဏ်ကို လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်နိုင်စွမ်းရှိပြီး၊ အဲဒီလိုတုံ့ပြန်နိုင်မှုဟာ ဗဟိုအာရုံကြောအဖွဲ့အစည်း (Central nervous system) ရဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ ဗဟိုအာရုံကြောအဖွဲ့အစည်းဟာ ကလေးငယ်တွေမှာ ပြည့်ပြည့်ဝဝ မဖွံဖြိုးသေးသလို အသက် ၆၅ နှစ်ကျော်လာရင်လည်း စပြီး ပျက်စီးယိုယွင်းလာတတ်ပါတယ်။

အဲဒါကြောင့် ကလေးနဲ့ သက်ကြီးပိုင်းတွေမှာ အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆေးဝါးတချို့ကို မှီဝဲနေရသူတွေ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါရှိနေတဲ့သူတွေ၊ အဝလွန်သူတွေမှာလည်း သတိလစ်တာ (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်။

အပူကြောင့် သတိလစ်ပြီးနောက် နောက်ဆက်တွဲအနေနဲ့ ရုတ်တရက် အဆုတ်ပျက်စီးတာ၊ အသည်း ပျက်စီးတာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးသွေးစီးဆင်းမှု လျော့နည်းတာ၊ အာရုံကြောထိခိုက်တာ စတာတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ကုသမှုကို မခံယူနိုင်ခဲ့ရင် အသက်ပါ ဆုံးရှုံးရနိုင်ပါတယ်။

မီးဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

ကရင်နီမှာ နှစ်စဉ်နွေရောက်ပြီဆိုရင် စစ်ရှောင်စခန်းအပြင် ကျေးရွာတွေမှာ မီးလောင်မှုဖြစ်ပွား လေ့ရှိပါတယ်။ တချို့နေရာတွေမှာ မီးဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေ ထုတ်ထားသလို တချို့ကျေးရွာမှာတော့ မီးတားလမ်းတွေကို ပြုလုပ်ထားလေ့ရှိကြပါတယ်။

ရန်သူမျိုးငါးပါးမှာ တပါးအပါအဝင်ဖြစ်တဲ့ မီးကို မလောင်ခင်က တားရမှာဖြစ်ပါတယ်။ မီးလောင်မှုတွေဟာ ထင်မှတ်မထားတဲ့ အသေးအဖွဲလစ်လျူရှုမှုတွေကနေ ဖြစ်လေ့ရှိပါတယ်။

အမှတ်မဲ့ပစ်လိုက်တဲ့ မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးကနေ မီးစလေးဟာ မီးတောက်ကြီးအထိ ဆုံးရှုံး ပျက်စီး လောက်အောင်ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

မီးမလောင်ဖို့ သတိပြုကာကွယ်တဲ့အခါမှာ မီးကိုသာ သတိနဲ့ ကိုင်တွယ်ရမယ်ဆိုတာက မီးမလောင်ဖို့ အပြည့်အဝ မတားဆီးပေးနိုင်ပါဘူး။ အိမ်တွင်းအိမ်ပြင်မှာ မီးစွဲလောင်စေတတ်တဲ့ အရာဝတ္ထုအားလုံး ဟာလည်း မီးနဲ့ဝေးဖို့ (သို့မဟုတ်) မီးမစွဲနိုင်စေဖို့ စီမံထားဖို့လိုပါတယ်။

လက်ရှိစစ်ရှောင်စခန်းမှာ တဲအိမ်တွေကို အများအားဖြင့် သစ်၊ ဝါး၊ တာလပတ်(မိုးကာ)၊ သက်ကယ် စတာတွေနဲ့ ဆောက်လုပ်ထားတဲ့အတွက် ပိုလို့တောင် မီးဘေးကို အထူးသတိပြုရမှာပါ။ စစ်ရှောင်စခန်း တွေမှာ မီးသတ်ဗူးတွေကို ဆောင်ထားသင့်ပါတယ်။ မီးသတ်ဗူး မရနိုင်တဲ့ နေရာမှာတော့ မီးချိတ်၊ မီးကပ်တွေကို ကြိုတင်လုပ်ဆောင်ထားရမှာဖြစ်ပါတယ်။

ဒါကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပွားမယ်ဆိုရင် အမြန်တုံ့ပြန်နိုင်ဖို့နဲ့ စနစ်တကျ ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။

နွေရာသီအပူဒဏ်ကို အလေးမထားလို့မရပါဘူး။ ရေများများသောက်တာ၊ အပူရှောင်တာ၊ မီးဘေးကာကွယ်တာတွေကို လိုက်နာနိုင်မယ်ဆိုရင် မိမိနဲ့အတူ မိသားစုရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ