Homeဆောင်းပါး“စစ်မက်မြေမှသည် ပြည်ပအလုပ်ခွင်ဆီသို့ လှမ်းချီလာသည့် ကရင်နီလူငယ်တို့၏ ဝမ်းစာရှာဖွေရေး ခရီး”

“စစ်မက်မြေမှသည် ပြည်ပအလုပ်ခွင်ဆီသို့ လှမ်းချီလာသည့် ကရင်နီလူငယ်တို့၏ ဝမ်းစာရှာဖွေရေး ခရီး”

-

ကန္တာရဝတီတိုင်း(မ်)

“ငရဲလိုပဲ။ ပထမဆုံးသူများနိုင်ငံမှာလည်း အလုပ်လုပ်ရသေးတယ်။ ပထမဆုံးအလုပ်လုပ်ရတဲ့ အလုပ်ကကုန်စုံဆိုင်မှာဆိုတော့ မနက်အစောထတာတွေ၊ နောက်ကျမှပဲစားရတာတွေ၊ ညနောက်ကျမှပဲ အလုပ်သိမ်းရ၊ ညနောက်ကျမှပဲ အိပ်ရတာတွေ ရှိခဲ့တော့ ပြန်စဥ်းစားကြည့်ရင် အခုချိန်ထိတော့ ငရဲလိုပဲ။”

ဒါကတော့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကရင်နီလူငယ်အမျိုးသမီး စာရာ(အမည်လွှဲ) က ပြောပါတယ်။ စာရာ ကတော့ ဒီးမော့ဆိုမြို့ပေါ်က ရပ်ကွက်တခုမှာ နေထိုင်ခဲ့သူပါ။

စစ်အာဏာမသိမ်းခင်က စာရာ ဟာ အစိုးရဌာနတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦးပါ။ သူမ ဟာ စစ်အာဏာသိမ်းပြီး ၉ ရက်အကြာမှာ CDM ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့ စစ်သင်တန်းတွေ တက်ရောက်ခဲ့ပြီး၊ ကျရာတာဝန်တွေ ထမ်းဆောင်ရင်း တော်လှန်ရေးကို ပံ့ပိုးခဲ့ပါတယ်။

တော်လှန်ရေးမှာ နှစ်နှစ်ဝန်းကျင် ပါဝင်ပြီးနောက်မှာတော့ မိသားစုအရေး ၊ ဝမ်းရေးအတွက် တော်လှန်ရေးကို စွန့်ခွာလာခဲ့ရပါတယ်။

လက်ရှိမှာ စာရာ ဟာ ထိုင်းနိုင်ငံအတွင်း တနေရာမှာ အလုပ်လုပ်နေပါတယ်။ စာရာ အပျော်ဆုံး အချိန်ကတော့ မိသားစုတွေဆီကို သူမ ရတဲ့လုပ်အားခ ပေးပို့နိုင်တဲ့အချိန်ပါပဲ။ အာဏာမသိမ်းခင် ကတည်းက မိသားစုကို သူမရဲ့ လုပ်ခလစာတွေကို ပုံမှန်ပေးပို့လေ့ရှိတဲ့ စာရာ တယောက် အခုချိန်မှာလည်း တဖက်နိုင်ငံမှာ ပင်ပန်းစွာရုန်းကန်နေရပေမဲ့ မိသားစုအတွက် ပိုမိုကြိုးစားချင်သူပါ။ သူမရဲ့ မိသားစုဝင်တွေက စစ်ဘေးရှောင်နေရပါတယ်။ ဒါ့ကြောင့်လည်း ပိုမိုကြိုးစားဖို့ မိသားစုက သူမအတွက် တွန်းအားဖြစ်စေပါတယ်။

“ပြည်ပထွက်ဖို့တော့ ကိုယ်တွန်းအားပေးခံရတာလား။ တွန်းအားပေးခံရတာထက် အနာဂတ်ကို ကြိုမြင်မိလို့ပေါ့။ မြန်မာပြည်ရဲ့ အခြေအနေကို ကိုယ်ကြိုမြင်မိလို့ ကိုယ်တိုင်ပဲ ထွက်ဖို့ ရွေးချယ်ခဲ့တာ။” လို့ အသက် ၂၅ နှစ်အရွယ် အန်နာ(အမည်လွှဲ) က ပြောတာပါ။

သူမ အထက်ပါစကားကို ပြောတဲ့အခါမှာ ရယ်သံလေးပါပေမဲ့ အသက်မဲ့တဲ့ ရယ်သံပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အန်နာ နဲ့ စာရာ တို့လို လူငယ်လေးတွေဟာ ဒီအသက်မွေးဝမ်းကျောင်း အလုပ်ကို မဖြစ်မနေ ရွေးချယ်လိုက်ရတာ (ဒါမှမဟုတ်) ရွေးချယ်ခွင့်မရှိလို့ လုပ်နေရသူတွေမို့ပါ။ ဒီလို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိတော့တာက စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်ကတည်းကပါပဲ။ အခုဆိုရင်တော့ အချိန်ကာလအားဖြင့် ငါးနှစ်ကျော်လာပါပြီ။

ထိုင်းနိုင်ငံတွင်း တနေရာမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူငယ်တချို့။

အန်နာ ဟာလည်း အခုလက်ရှိ ထိုင်းနိုင်ငံအတွင်း တနေရာမှာ အလုပ်လုပ်နေပါတယ်။ အာဏာမသိမ်းခင် ကာလတွေမှာတော့ အေးမြတဲ့ အဲယားကွန်း(Aircon) အခန်းထဲမှာ ကွန်ပျူတာသုံးပြီး ဝင်ငွေရှာရင်းနဲ့ သူမရဲ့ ပညာရေးကို လျှောက်လှမ်းနေခဲ့သူပါ။ အခု တဖက်နိုင်ငံကို ရောက်ရှိချိန်မှာတော့ စားသောက်ဆိုင်တခုမှာ ပန်းကန်ဆေးကြောတဲ့အလုပ်နဲ့ သူမဘဝကို အသစ်တဖန် စတင်ခဲ့ရပါတယ်။

“စဝင်လုပ်တဲ့အလုပ်က ပန်းကန်ဆေးဆိုတော့လေ နည်းနည်းပါးပါးတော့ ကိုယ့်အရင်အလုပ်ကို သတိရတာမျိုးတွေ ရှိတာပေါ့။ အခုတောင်မှ စိတ်မကောင်းတာတို့၊ ဝမ်းနည်းတာတို့ အဲ့လိုမျိုးတွေ ရှိတယ်။” လို့ အန်နာ က ပြောပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာဖို့ အန်နာ့ အတွက် လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပေမယ့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ၂/ (ကယားပြည်နယ် မှတ်ပုံတင်) ကိုင်ဆောင်ထားတဲ့ သူမကို စစ်ကော်မရှင်ရဲ့ ဝန်ထမ်းတွေက လေဆိပ်မှာ တင်းကြပ်စွာ စစ်ဆေးခဲ့ခြင်းကြောင့်ပါ။ ကံကောင်းထောက်မစွာ အန်နာ တို့ဟာ လေဆိပ်ကနေ လွတ်မြောက် လာခဲ့ပါတယ်။

အန်နာ ရဲ့ ဇာတိက ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တခုမှာပါ။ အခုလက်ရှိမှာတော့ အန်နာ လိုပဲ အနာဂတ်ကို ရှာဖွေလိုသူတွေအပြင် မိသားစုစားဝတ်နေရေးကြောင့် မဖြစ်မနေ ပြည်ပထွက်ဖို့ ရွေးချယ်လာတဲ့ လူငယ်တွေဟာ ကရင်နီမှာ ဒုနဲ့ဒေး ရှိလာပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်ရေးတင်းမာမှုတွေကြားမှာ ကျောင်းပိတ်တာ၊ လုပ်ငန်းရပ်တန့်သွားတာ တွေကြောင့် လူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးနေကြပါတယ်။ ပြည်တွင်းမှာ နေပြီး အနာဂတ်တွေပျောက်ဆုံးလာတဲ့အချိန်မှာ တခုတည်းသော ရွေးချယ်စရာက ပြည်ပကို ထွက်လာကြတာပါပဲ။

စာရာ ကတော့ အန်နာ့ လို နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်ဖြတ်ကျော်ခဲ့တာတော့ မဟုတ်ပါဘူး။

“နယ်စပ်ဖြတ်ချိန်မှာ စိုးရိမ်တာတွေတော့ ရှိတယ်။ နယ်စပ်ဖြတ်တုန်းက ကိုယ်အဲ့လို ပြန်မလာနိုင်တော့မယ့် အတွေးတွေလည်းတွေးတယ်။ ပြန်ကောလာနိုင်ပါ့မလား။ အရမ်းများ ဝေးတဲ့နေရာ သွားရမလား။ အဲ့လိုတွေတွေးတယ်။ တနေ့နေ့ တချိန်ချိန်ကျရင် ကိုယ်နေတဲ့ပြည်နယ်ကို ပြန်နိုင်ပါ့မလား အဲ့လိုတွေးတယ်။ အဲ့လိုကြောက်တာပေါ့။ နောက်တခုကတော့ ကားတွေဘာတွေများ အတားခံရပြီးတော့ အချုပ်ထဲကျမလားဆိုပြီးတော့ ကြောက်ခဲ့ပါသေးတယ်။” လို့ စာရာ က သူမ ပြည်ပနိုင်ငံထွက်ဖို့ ဖြတ်ကျော်ခဲ့ရပုံကို ပြန်ပြောင်းပြောပြတာပါ။

ပြည်ပအလုပ်ခွင်ကိုရောက်ဖို့ ကရင်နီလူငယ်တွေအတွက် လွယ်ကူခဲ့တဲ့ လမ်းခရီးတော့ မဟုတ်ခဲ့။ တရားမဝင်လမ်းကြောင်းနဲ့ လာတဲ့လူငယ်တွေရဲ့ လမ်းခရီးကတော့ မသေချာမှုများနဲ့ ပြည့်နှက်နေသလို သက်ဆိုင်ရာ နိုင်ငံရဲ့ စစ်ဆေးမှု၊ အဖမ်းအဆီးတွေကို စိုးရိမ်မှုအပြည့်နဲ့ ဖြတ်ကျော်ကြရပါတယ်။

သက်ဆိုင်ရာ အလုပ်ခွင်ရောက်တော့ တရားဝင်အထောက်အထားတွေလုပ်ပြီး နေထိုင်လုပ်ကိုင် ကြသူတွေ ရှိသလို ကုန်ကျစရိတ်မတတ်နိုင်လို့ တရားမဝင် အလုပ်လုပ်နေရသူတွေလည်း ရှိပါတယ်။

အာဏာသိမ်းကာလ ငါးနှစ်အတွင်းမှာတော့ ကရင်နီပြည်က လူငယ်အများအပြားဟာ ထိုင်းနိုင်ငံက စက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စားသောက်ဆိုင်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပါပြီ။

ထိုင်းနိုင်ငံမှာ တဖန်ပြန်စတင်တဲ့ သူတို့ရဲ့ ဘဝဟာ နေ့စဉ်ရက်ဆက် စက်သံနဲ့စတင်ပြီး စက်သံနဲ့ အဆုံးသတ်ကြရပါတယ်။ တနေ့တာကို အလုပ်ချိန် ၁၀ နာရီမှ ၁၂ နာရီအထိ အလုပ် လုပ်ကြရသူတွေလည်း ရှိပါတယ်။ ရရှိလာတဲ့ လုပ်ခလစာတွေကို အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေဆီ ပြန်ပို့ဖို့ လုံလောက်ပေမဲ့ ကိုယ်တိုင်အတွက် အိပ်မက်တွေပြန်လည်ဆောက်ဖို့ မလုံလောက်နိုင်သေးပါဘူး။

“ဒီအချိန်မှာ အလုပ်ထွက်မလုပ်ဖြစ်ရင် ကျနော်ဘာဖြစ်နေမှန်း ကျနော်မသိဘူး။ သေချာတာကတော့ ကျနော်ဟာ (ပြည်တွင်းမှာဆက်နေရင်) ကျနော့် မိသားစုကို မထောက်ပံ့နိုင်တော့ဘူး။” လို့ ခူးရယ်က ပြောပါတယ်။

ခူးရယ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တခုမှာ ပါဝင်ရင်း ၄ နှစ်တာ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့သူတဦးပါ။ လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ စက်ရုံတခုမှာ အလုပ်လုပ်နေပါတယ်။ ခူးရယ် ကတော့ လွိုင်ကော်မြို့က ရပ်ကွက်တခုမှာ နေထိုင်သူပါ။ သူဟာ အာဏာမသိမ်းခင်က ဌာနဆိုင်ရာတခုမှာ အလုပ်လုပ်ခဲ့တဲ့ လခစား ဝန်ထမ်းတဦး ဖြစ်ပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေကြား သူ့ရဲ့ လုပ်အားခဟာ မိသားစုအတွက် အားထားရာတခု ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်းက စက်ရုံတခုမှာ မြင်တွေ့ရတဲ့ မြန်မာလူငယ်တချို့။

“အခု ဒီဖက်မှာ အလုပ် လုပ်ကိုင်နေတဲ့အခါ ရဲဘော်ဘဝကို ပြန်မြင်ယောင်မိလားလို့ မေးရင် တော့ ပြန်မြင်ယောင်မိတယ်။ အတူနေခဲ့တဲ့ လူတွေ၊ အတူသွားလာ လှုပ်ရှား၊ အတူ စစ်တိုက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ ဆရာသမားတွေ အကုန်လုံးပေါ့။ အကုန်လုံး…အကုန်လုံးကို သတိရတယ်။ ဒါပေမဲ့လည်း အခြေ‌နေအကြောင်းကြောင်းကြောင့် ဒီလိုထွက်လာရတဲ့အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်။” လို့ ခူးရယ် က ပြောပါတယ်။

စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ ပိုမိုခက်ခဲကျပ်တည်းလာပြီး မိသားစုရဲ့ လိုအပ်ချက်တွေလည်း တနေ့တခြား ပိုမိုများပြားလာကြပါတယ်။ ပြည်ပရောက် လူငယ်အများစုက မိမိကိုယ်ပိုင် ရွေးချယ်ခြင်းထက်၊ ရွေးချယ်မှုထက် မိသားစုရဲ့ လိုချက်ချက်တွေဟာ တွန်းအားအဖြစ် ပြည်ပလုပ်ငန်းခွင်ထဲကို ပို့ဆောင်ပေးခဲ့တာလို့ ပြောရင် မှားမယ်မထင်ပါဘူး။

ဒီလူငယ်တွေဟာ လစာရဲ့ အစိတ်အပိုင်းအများစုကို မိသားစုထံ ပြန်ပို့ကြပါတယ်။ အဲ့ဒီငွေတွေဟာ အိမ်တွင်း စားဝတ်နေရေး၊ ဆေးဝါးကုန်ကျစရိတ်၊ ညီအစ်ကိုမောင်နှမများရဲ့ ကျောင်းစရိတ်များအတွက် အသက်ဆက်စေတဲ့ သွေးတစက် ဖြစ်ပါတယ်။

ပြည်ပလုပ်ငန်းတွေထဲ ရောက်ရှိလာတဲ့ လူငယ်တွေဟာ ပုံစံမတူပေမယ့် ထပ်တူကျတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ လိုအပ်ချက်တွေနဲ့ ထွက်ခွာလာခဲ့ကြပုံချင်း တူပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတဝန်းက လူငယ်တွေအတွက် ရွေးချယ်စရာလမ်းတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ တိုင်းပြည်အတွက် တာဝန်ယူလိုစိတ်ကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်သူများရှိသကဲ့သို့၊ မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ဖို့တာဝန်ကို ကိုယ်စီထမ်းဆောင်ရသူတွေလည်း ရှိကြပါတယ်။

စစ်ပွဲကြောင့် အလုပ်အကိုင်နဲ့ ပညာရေးလမ်းကြောင်းတွေ ပိတ်ဆို့၊ တစ်ဆို့သွားတဲ့ အခြေအနေအောက်မှာ လူငယ်အချို့က နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ကြပြီး၊ တဖက်မှာလည်း တိုင်းပြည်အတွက် တော်လှန်ရေးမှာ ပါဝင်သူများ၊ တဖက်မှာ မိသားစုအတွက် ဝမ်းစာရှာသူများ ဖြစ်လာကြပါတယ်။ လျောက်လှမ်းတဲ့လမ်းတွေ ကွဲပြားပေမဲ့ တူညီတဲ့ အခြေခံစိတ်ဓာတ်တခုကတော့ တော်လှန်ရေး အမြန်အောင်မြင်ဖို့ပါပဲ။ ဒါကြောင့်လည်း ပြည်ပရောက် လူငယ်အသီးသီးဟာ တော်လှန်ရေးကို ပံ့ပိုးမှုရပ်တန့်မသွားဖို့လည်း လိုအပ်ပါတယ်။

မလွှဲရှောင်သာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လာကြရပြီး စနစ်အသစ်တခုကို တည်ဆောက်နေချိန်မှာ လူငယ်အများစု ပြည်ပကိုထွက်ခွာသွားကြတာဟာ တော်လှန်ရေးအပေါ် အစိတ်အပိုင်းသမျှ ထိခိုက်မှု ရှိလာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF စစ်ရေးချုပ် ခူးရီးဒူက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ပြုလုပ်သွားတဲ့ ရတနာအားမာန် Lucky Draw ကံစမ်းမဲ ဖွင့်ပွဲနဲ့ကမ်ပိန်းပိတ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ တော်လှန်ရေးကာလ မရှည်ကြာစေရေးနဲ့ အမြန်ဆုံးအောင်မြင်ရေးအတွက် မိမိတို့ရောက်ရှိတဲ့နေရာမှာ ဆက်လက်ပါဝင် ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံတွင်း တနေရာမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူငယ်တချို့။

စစ်မက်မြေကနေ ထွက်ခွာလာတဲ့ ကရင်နီလူငယ်တွေအတွက် ပြည်ပအလုပ်ခွင်ဟာ သာမန် ဝမ်းစာရှာဖွေရေး နေရာမဟုတ်ပါ။ အနာဂတ်ကို ဆက်လက်ရှာဖွေနေရတဲ့ ခရီးလမ်းတခုလည်း ဖြစ်ပါတယ်။ စစ်မက်ကြားက ရုန်းထွက်လာခဲ့ရင်း မိသားစုစားဝတ်နေရေးအပြင် အနာဂါတ်ကို ရှာဖွေနေတဲ့ ခြေလှမ်းတွေဟာ ဆက်လက်လှုပ်ရှားနေရပါဦးမယ်။

“လမ်းပျောက်သွားလို့သာ ပြည်ပရောက်သွားတာ။ အိပ်မက်ပြန်ရှာဖွေရေးခရီးလို့ ခေါ်မယ်ဆိုရင်တော့ အခုထိရှာဖွေနေရတုန်းပဲလို့ ပြောချင်ပါတယ်။ တခုမှ မတွေ့ရသေးပါဘူး။ ဘယ်အလုပ်လုပ်ချင်လဲ၊ ဘာလုပ်ချင်လဲ အခုထက်ထိ လမ်းပျောက်နေဆဲပါပဲ။ ပြီးခဲ့တဲ့ ငါးနှစ်ကအတိုင်းပဲ အဲ့ဒီအတိုင်းပဲ စိတ်ညစ်နေတုန်း၊ စိတ်ဓာတ်ကျနေတုန်းပါပဲ၊ ရှာဖွေနေတုန်းပါပဲ။” လို့ စာရာ က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ