Homeဆောင်းပါးတရားဥပဒေ အားနည်းနေသေးသည့် ကြားကာလနှင့် လွတ်မြောက်နေသော တရားခံများ

တရားဥပဒေ အားနည်းနေသေးသည့် ကြားကာလနှင့် လွတ်မြောက်နေသော တရားခံများ

-

ကန္တာရဝတီတိုင်း (မ်)

အဖြူရောင်အုတ်ဂူဆီကို အသက် ၄၃ နှစ်အရွယ်အမျိုးသားတယောက် ခြေလှမ်းသွက်သွက် လျှောက်လာနေပါတယ်။ သူက ကိုတူးပါ။ တိုင်းရင်းသားတွေက သေလွန်သွားပြီးတဲ့သူကို သူကြိုက်တတ်တဲ့ အစားအသောက်တွေ ကျွေးမွေးပေးတာက သူ့ကို သတိရနေကြောင်း၊ လေးစားသမှု ပြုနေသေးကြောင်း ပြသတာထက်ပိုတယ်လို့ ယူဆထားကြပါတယ်။ ကိုတူးက မတရားသဖြင့် သေဆုံးသွားခဲ့တဲ့အစ်မကို ကွမ်း ကျွေးဖို့အုတ်ဂူဆီကို သွားတာ ဖြစ်ပါတယ်။

ကိုတူးက တရားမျှတမှုကို ဆာလောင်နေတဲ့ နစ်နာသူတွေထဲက နစ်နာသူတဦးဖြစ်ပါတယ်။ ဒီနှစ် နှစ်စပိုင်း ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကိုတူးရဲ့အစ်မ မူပိုင်က လမ်းခုလတ်တနေရာမှာ အသတ်ခံရတာပါ။ အသက် ၄၅ နှစ်အရွယ် မူပိုင်ရဲ့သေဆုံးခဲ့မှုက ကိုတူးနဲ့မိသားစုဝင်တွေကို သာမက ကရင်နီပြည်တခုလုံးကို ခြောက်ခြားတုန်လှုပ်စေခဲ့ပါတယ်။

မူပိုင်က တောထဲမှာလွှတ်ထားတဲ့ နွားတွေကို နေအိမ်ဆီပြန်‌မောင်းလာဖို့ သွားရင်းနဲ့ အပြန်လမ်း၊ ရွာအထွက်မှာ အမျိုးသားတဦးရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာပါ။ အမဖြစ်သူရဲ့ သေဆုံးမှုမှာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်‌ပေးဖို့ကို ကိုတူးက မျှော်လင့်နေပါတယ်။

“လူတယောက်ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ ကျနော်လည်းသိချင်သလို လူတိုင်းကိုလည်း သိခိုင်းစေချင်တယ်။ နောင်ကျရင်လည်း ဒီလိုကိစ္စတွေထပ်ဖြစ်လာရင် လူတယောက်ရဲ့ တန်ဖိုးကို သူတို့ဘယ်လိုသတ်မှတ်မလဲ ကျနော်သိချင်တယ်။ အဲလူက အရူးဖြစ်စေ၊ ကျပ်မပြည့်တဲ့သူဖြစ်စေ လူတယောက်ဆိုတာ သူ့ဟာနဲ့သူ တန်ဖိုးရှိတယ်။ အခုကျတော့ မဆီမဆိုင် အသေခံရတာတော့ ကျနော်လည်း သိချင်တယ်”

ကျူးလွန်သူ တရားခံလို့ သံသယရှိသူဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်မှု CDM မှာ ပါဝင်ထားတဲ့ ရဲတပ်သားတဦး ဖြစ်ပါတယ်။

ကျူးလွန်သူတရားခံလို့ သံသယရှိသူကို ကိုတူးနဲ့ မိသားစုဝင်ဖက်က ကရင်နီပြည်ရဲ KSP ရဲ့အကူအညီနဲ့ အမှုဖွင့်မယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် မူပိုင်သေဆုံးပြီး နှစ်ရက်အကြာမှာ ဒေသခံတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သံသယရှိသူကို KSP က ဖမ်းဆီးရမိခဲ့ပါတယ်။

မူပိုင့် သေဆုံးမှုက ကရင်နီမှာဖြစ်နေတဲ့ လူသတ်မှု၊ လူသေမှုတွေထဲက ကျူးလွန်တဲ့သံသယရှိသူကို ဖော်ထုတ်နိုင်တဲ့ ရှားပါး အမှုတခုလို့ ပြောရပါလိမ့်မယ်။ အကြောင်းက စစ်အာဏာသိမ်းပြီးတဲ့နောက် တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့ ကရင်နီမှာ မူပိုင်လိုပဲ အသတ်ခံရသူတွေ ဟာ လက်လှမ်းမီသိရှိထားတဲ့ စာရင်းတွေအရ ဒါဇင်နီးပါးရှိနေပြီး ဘယ်သူက ကျူးလွန်သူတရားခံဖြစ်ကြောင်းကို ဘယ်သူမှ လက်ပူးလက်ကြပ် မမိနိုင်ခဲ့ပါဘူး။

အခုဆိုရင် မူပိုင့်သေဆုံးမှုက နှစ်လ နီးပါးကြာမြင့်လာပြီဖြစ်လို့ ကျူးလွန်သူလို့ သံသယရှိသူကို တရားဥပဒေအတိုင်း ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို မောင်လေးဖြစ်သူ ကိုတူးနဲ့ မိသားစုဝင်တွေက သိချင်နေကြပါတယ်။

ဒါပေမဲ့ မူပိုင့် အမှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ စီရင်ဆောင်ရွက်မှု ဘယ်လိုရှိနေပြီလဲဆိုတာ ကရင်နီပြည်ရဲ KSP ပြောရေးဆိုခွင့်ရှိသူကို ကန္တာရဝတီတိုင်း (မ်) က ဆက်သွယ် မေးမြန်းထားပေမဲ့ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

၂၀၂၅ တနှစ်တာကာလအတွင်း ကရင်နီမှာ လူသတ်မှု၊ လူသေမှုပေါင်း ၁၀ ခု ရှိခဲ့ပါတယ်။ ကန္တာရဝတီတိုင်း (မ်) ကလက်လှမ်းမီသလောက် ကိုတူးအစ်မ အပါအဝင်ဆိုရင် အမျိုးသမီး (၄) ယောက်နဲ့ အမျိုးသား ( ၆ )ယောက်တို့ အခင်းမှာသေဆုံးခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ အမည်မသိ အမျိုးသမီး အလောင်းတလောင်းတွေ့ရှိမှု၊ မတ်လထဲမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရလက်‌အောက်ခံ ပြည်သူ့ကာကွယ်‌ရေးတပ် ရဲဘော်ကိုစိုင်း ကယန်းပြည်သစ်နယ်မြေအတွင်း အသတ်ခံရမှု နဲ့ ဖယ်ခုံမြို့နယ်၊ နာဟီးကျေးရွာ၊ ဆရာတော်တပါး သတ်ဖြတ်ခံရမှု ၊ ဧပြီလ ၃၀ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၉) တပ်ဖွဲ့ဝင် အမျိုးသားတဦး ကြိုးဆွဲချဒဏ်ရာနဲ့ သေဆုံးနေမှု၊ မေလ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ဝါသောခိုကျေးရွာမှာ အမျိုးသမီးတဦးသေဆုံးမှု၊ ဇွန်လ ၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာ အမျိုးသမီးအလောင်းတလောင်းတွေ့ရှိမှု နဲ့ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာမှာ အမျိုးသား သုံးယောက်ရဲ့ အရိုးစု နဲ့ ဒီးမော့ဆိုမြို့က ကျေးရွာတခုမှာ အမျိုးသမီးအရိုးစု တခုတွေ့ရှိမှု၊ နိုဝင်ဘာ ၁၀ ရက်နေ့က ဖားဆောင်း-မယ်စဲ့လမ်းမှာ အမျိုးသားတဦး ကြိုးဆွဲချလျက်သေဆုံးနေမှု၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ် ပီကင်းအနောက်ဖက်ခြမ်းမှာ အမျိုးသားတဦး ကားအတွင်း မီးလောင်သေဆုံးမှု နဲ့ ၂၀၂၆ ခုနှစ်မှာ ကိုတူးအမ မူပိုင် သေဆုံးမှု တို့ ပါဝင်ပါတယ်။

အမှုတွေထဲမှာ ရဲဘော်ကိုစိုင်း သေဆုံးမှု၊ ဆရာတော်တပါး သေဆုံးမှုနဲ့ မူပိုင့် သေဆုံးမှု (၃) ခုတို့မှာ ကျူးလွန်သူအဖြစ် သံသယရှိသူတွေကို ဖော်ထုတ်နိုင်ခဲ့ပေမဲ့ တရားဥပဒေအရ ဘယ်လို အရေးယူဆောင်ရွက်နေကြလဲဆိုတာကို အဖွဲ့အစည်းအသီးသီးတို့က မီဒီယာကို ဖြေဆိုတာ၊ ထုတ်ပြန်ပြောဆိုတာတွေလည်း မရှိပါဘူး။ ကျန်တဲ့အမှုတွေမှာတော့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။

ကရင်နီမှာ အမှုခင်းရေးရာတွေနဲ့ ပတ်သက်ပြီး တရားဥပဒေအရ စီရင်မှုကို ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညား ပြောတာက “တရားဥပဒေရဲ့ သဘောသဘာဝအရ သူတို့ရဲ့ ဂုဏ်သိက္ခာလည်း ရှိတယ်လေး။ အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲ၊ တရားစွဲဆိုခြင်း ခံရပြီး‌တော့မှ တရားစွဲဆိုခံရ ပြီးတော့မှ ဖမ်းဆီးခြင်း ခံရပြီးတော့မှ ထောင်ထဲရောက် အကျဥ်းချခြင်း ခံရပြီး‌တော့မှ သူ့ရဲ့ အခြေခံအခွင့်အ‌ရေးကို ထိန်းသောအားဖြင့် အချက်အလက်တွေကို အပြင်ထုတ်ပေးလေ့မရှိဘူးလေးနော” လို့ ဆိုပါတယ်။

မှုခင်းရေးရာတွေနဲ့ ဆက်စပ်ပြီးတော့လည်း ကရင်နီမှာ တရားဥပဒေစိုးမိုးရေးက ပြောရရင် လွယ်သလောက် လက်တွေ့မှာ ဖော်ဆောင်ရ အရမ်းခက်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာမသိမ်းခင်ကာလတွေမှာတောင် အရွယ်အစားအားဖြင့်သေးငယ်တဲ့ ကရင်နီပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ ထက်မနည်းရှိခဲ့တာပါ။ အာဏာသိမ်းကာလအတွင်းမှာလည်း စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအခြေစိုက် လက်နက်ကိုင်အစုအဖွဲ့တွေ အများကြီးပေါ်လာသလို တခြားပြည်နယ်နှင့်တိုင်း က တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကရင်နီမှာ လာရောက်အခြေစိုက်တာတွေ ရှိနေပါတယ်။ ဒီလိုအဖွဲ့အစည်းတွေ အများကြီးရှိနေတဲ့ ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းလုပ်ဆောင်တဲ့ အဆင့်တိုင်းမှာ စိန်ခေါ်မှုရှိနေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

ပုံစာ – တစ်နှစ်အတွင်းတွေ့ရှိရတဲ့အရိုးစုနဲ့ အလောင်းပုံ တချို့ကို တွေ့ရစဉ်

“ခုလိုတော်လှန်ရေးကာလမှာ ရှိစမြဲပါပဲ။ တရားဥပဒေစိုးမိုးရေးက ပြောရလွယ်တလောက် လက်တွေ့မှာ ဖော်ဆောင်ရ အရမ်းခက်ပါတယ်။ လက်နက်ကိုင်ပြီး သူ့လူကိုယ့်လူဆိုပြီး စစ်ဝါဒီ စိတ်ဓါတ်တွေ ရှိနေသရွေ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းအဆင့်တိုင်းမှာ စိန်ခေါ်မှုရှိနေမှာပါ။” လို့ ဦးဗညား က ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ကို တွန်းလှန်တိုက်ခိုက်နေကြချိန်မှာ လူတိုင်းရဲ့ လက်ထဲမှာ သေစေနိုင်တဲ့ သေနတ်တွေ ကိုင်ဆောင်ထားမှုကလည်း တရားဥပဒေစိုးမိုးမှု အခန်းကဏ္ဍကို လျော့ရဲစေပါတယ်။

အထက်ပါ သေဆုံးမှုတွေထဲက တရားခံမဖမ်းဆီးနိုင်တဲ့ တချို့အမှုတွေဟာ လက်နက်ကိုင်ထားတဲ့ သာမာန်လူတယောက်က တခြားလူတယောက်ကို သတ်တာဖြစ်နိုင်သလို၊ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကြား သတ်ဖြတ်တာဖြစ်နိုင်ပြီး တချို့သေဆုံးမှုတွေဟာ စစ်ကော်မရှင်တပ်စွဲခဲ့တုန်းက သတ်ဖြတ်ခဲ့တာတွေလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြားမှာ ပြောဆိုနေကြပါတယ်။

သေချာတာတခုကတော့ အထက်ပါ သေဆုံးသူအားလုံးက လူသူကင်းကွာတဲ့ တောထဲမှာ ဒါမှမဟုတ် လူနေထိုင်ခြင်းမရှိတော့တဲ့ နေအိမ်တွေမှာ သေဆုံးနေကြတာကို တွေ့ရပါတယ်။ အလောင်းတွေ အများစုက လမ်းသွားလမ်းလာ ဒေသခံတွေကနေတွေ့လို့ တိုင်ကြားတာတွေပါ။

သေဆုံးသူအမျိုးသမီးတွေကိုတော့ ပျောက်ဆုံးနေပြီး ရက်သတ္တပတ်အကြာ ဒါမှမဟုတ် ရက်သတ္တပတ်ထက်ကြာသွားမှပဲ တောထဲမှာ၊ သို့မဟုတ် လူမနေတဲ့ နေအိမ်တွေထဲမှာ အလောင်းကို ပြန်တွေ့ရပြီး ပုပ်ပွနေပြီးသား အခြေနေမှာ ရှိနေတတ်ပါတယ်။ အမျိုးသားသေဆုံးမှုတွေကတော့ ကြိုးဆွဲချသေဆုံးနေတာ သေနတ်နဲ့ပစ်သတ်ခံရတာတွေကို ဓာတ်ပုံတွေအရ အများဆုံး တွေ့ရနိုင်ပါတယ်။

ဒီလိုရာဇဝတ်မှုတွေ၊ သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ၊ တရားခံဖမ်းဆီးမှုတွေ၊ အရေးယူမှုတွေကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာအောင် မချပြပေးနိုင်တဲ့အခါမှာ ကရင်နီက ဒေသခံလူထုကြားထဲမှာ ထိတ်လန့်စိုးရိမ်မှုတွေ မြင့်တက်လျှက်ရှိနေပါတယ်။

“အခုအချိန်အထိ ကျနော်တို့ကို ဘာမှ အကြောင်းမကြားသေးဘူး။ ကျနော်တို့လည်း အခုထိ စောင့်နေတုန်းပဲ။ KSP က ဘယ်လိုပြောလဲဆိုတော့ သူတို့စစ်ဆေးတုန်းပေ့ါနော။ ကိုယ်‌ရေးမှတ်တမ်းတို့၊ သက်သေတို့ကို သူတို့ပြန်လာယူတဲ့ အချိန်ကနေစပြီးတော့ အခုအချိန်အထိ သတင်းအစအနတွေ ကျနော်တို့ မကြားရတော့ဘူး။ ကျနော်တို့စောင့်နေတယ်။ အမှန်တရားအတိုင်း သွားပေးဖို့ ကျနော်တို့ အားလုံးအတွက်လည်း မျှတမှုရရှိဖို့ပေါ့နော။ ရပ်ရွာအတွက်သော်လည်းကောင်း၊ ကျ‌နော်တို့ ကာယကံရှင်အတွက်သော်လည်းကောင်း သူတို့လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ထားတော့ အခုထိ သတင်းအစအန မကြားရသေးတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး” လို့ အစ်မဖြစ်သူမူပိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကိုတူးက ပြောပါတယ်။

ကိုတူးကတော့ သူ့အစ်မသေဆုံးမှုအတွက် ကျူးလွန်သူကို ဥပဒေအရ တရားမျှတစွာ ဆောင်ရွက်ပေးနိုင်မှ ကျေနပ်နိုင်မယ်လို့ ပြောပါတယ်။ အစ်မဖြစ်သူ သေဆုံးမှုက မိသားစု အရေးကိစ္စတင်မကဘဲ ကရင်နီပြည်တခုလုံးက ဒေသခံတွေရဲ့ စိတ်မလုံခြုံမှုကို ကိုယ်စားပြုတာကြောင့် အမှုကိုပစ်မထားဖို့လည်း သူအကြိမ်ကြိမ်တောင်းဆိုနေပါတယ်။

ကြားကာလမှာ(တနည်းအားဖြင့်) အာဏာသိမ်းကာလအတွင်း ဖြစ်ခဲ့တဲ့ မှုခင်းတွေမှာ နစ်နာသူ မိသားစုတွေအတွက် ကျူးလွန်သူကို ထိုက်သင့်တဲ့ ပစ်ဒဏ်ချမှတ်နိုင်ဖို့ မဆိုထားနဲ့ တရားဥပဒေရဲ့ အကာအကွယ်ကိုတောင် သူတို့မရနိုင်ကြပါဘူး။ တဖက်မှာလည်း အမှုကိုတူးဖော်ဖို့ (ဖော်ထုတ်ဖို့) အတွက်၊ တရားဥပဒေ အတိုင်းအဆုံးထိ ဆက်သွားဖို့ဆိုလည်း ငွေကြေးမတတ်နိုင်ကြတာကြောင့် အမှုဆက်မဖွင့်တဲ့ နစ်နာသူမိသားစုဝင်တွေလည်း ရှိနေပါတယ်။

တနှစ်အတွင်း မှုခင်းတွေ ဒါဇင်နဲ့ ချီဖြစ်လာတဲ့ ကရင်နီမှာ အမှုအခင်းနဲ့ပါတ်သက်ပြီး စုံစမ်းဆေးမှု၊ ကျူးလွန်သူကို ဖမ်းဆီးအရေးယူမှု၊ တရားလို သို့မဟုတ် ကျူးလွန်ခံရသူနှင့် မိသားစုဝင်တွေကို အကာကွယ်ပေးနိုင်မှုတွေ အားနည်းနေတာဟာ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကြီးမားတဲ့ အားနည်းချက်တခုအဖြစ် ရှိနေပါတယ်။ ဒီလိုအားနည်းချက်က မှုခင်းသားကောင်တွေကို အလွယ်တကူ ရာဇဝတ်မှုကျူးလွန်နိုင်အောင် သို့မဟုတ် ရာဇဝတ်မှုကို ထပ်မံကျူးလွန်နိုင်ဖို့အတွက် အားပေးရာရောက်နေပါတယ်။

ကရင်နီမှာရှိတဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အစုအဖွဲ့တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေအပေါ် အကြမ်းဖက်ခံရတဲ့ အမှုတွေမှာ တရားမျှတမှု ပြန်လည်ရရှိနိုင်ဖို့ အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန၊ ဌာနမှူးကြီး အဂ္ဂသာနုနုပြောတာကတော့ “အမှုအမျိုးအစားပေါ်မှာ မူတည်တယ်။ ရာဇဝတ်မှုတွေက ရဲအရေးပိုင်ဖြစ်တော့ ကရင်နီရဲဌာနက ဆောင်ရွက်နေပါတယ်။ အဲ့ရဲအရေးအပိုင်ထဲမှာမှ အမျိုးသမီးနဲ့ကလေးအပေါ် အကြမ်းဖက်မှုဆိုရင် IEC အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနဲ့ ရဲနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်” လို့ ဆိုထားပါတယ်။

လူသတ်မှု၊ လူသေမှုတွေ ခပ်စိပ်စိပ်ကြားလာရပြီးနောက် ဒေသအတွင်းရှိ အမျိုးသမီးတွေလည်း အပြင်ထွက်သွားလာရန် မဝံ့မရဲ ဖြစ်လာပြီး ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု ကင်းမဲ့လာနေကြပါတယ်။

ဒါကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် လူတိုင်းက လက်နက်ကိုင်လာကြခြင်းရဲ့ အားနည်းချက်တခု ဖြစ်လာတယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။ ဒါ့ကြောင့်လည်း ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စည်းကမ်းတကျ နေထိုင်ဖို့နဲ့ အရပ်သားတွေရဲ့ လုံခြုံရေးကို အလေးထားကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

အစ်မဖြစ်သူရဲ့ သေဆုံးမှုမှာ တရားရုံးက ဆင့်ခေါ်တာကိုစောင့်နေဆဲဖြစ်တဲ့ ကိုတူးက‌တော့ အချိန်ကာလတွေ ကြာလာရင် အစ်မဖြစ်သူသေဆုံးမှုနဲ့ပတ်သက်ပြီး သွေးအေးသွားကြမှာကိုလည်း စိုးရိမ်နေသလို အမှုဟာလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေပါတယ်။

“ငယ်ငယ်က အမှတ်တရလို့ပြောလိုက်ရင် ဘာမှမပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော် ရင်အရမ်းနာရလို့ပါ။ ကျနော်နဲ့ ကျနော့်အမက အမှတ်တရတွေ အများကြီးရှိတယ်” ဆိုပြီး ကန္တာရဝတီတိုင်း(မ်) ရဲ့ ရိုးရှင်းတဲ့ မေးခွန်းကို ပြန်မဖြေနိုင်ခဲ့တဲ့ ကိုတူးကတော့ အသက်ပေးသွားတဲ့ အစ်မဖြစ်သူအတွက် တရားမျှတမှုရဖို့ ဆက်မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ