Homeဆောင်းပါး“ထမင်းတလုပ် မျက်ရည်တစက် နဲ့ စစ်လေယာဉ်ဗုံးကြဲမှုကြားက အသက်လွတ်ခဲ့သူ ဒေါ်ကလောမြာ”

“ထမင်းတလုပ် မျက်ရည်တစက် နဲ့ စစ်လေယာဉ်ဗုံးကြဲမှုကြားက အသက်လွတ်ခဲ့သူ ဒေါ်ကလောမြာ”

-

ကန္တာရဝတီတိုင်း(မ်)

“ပါးစပ်ရယ်၊ မျက်စိရယ် အခုထိမပျောက်ဘူး။ ဘာဖြစ်လဲတော့ မသိဘူး။ ထမင်းစားရင်လည်း မျက်စိကနေ မျက်ရည် အမြဲယိုလာတယ်”

ဒီစကားကို ပြောသူက အသက် ငါးဆယ်အရွယ် ဒေါ်ကလောမြာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ရှားတောမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်ကလောမြာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲဖြစ်တဲ့အတွက် မြေပြင်တိုက်ပွဲတွေ၊ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက နေ့စဉ်ရှိနေခဲ့တာပါ။ ဒါပေမဲ့ ဒေါ်ကလောမြာတို့က စစ်ကော်မရှင်ဟာ အရပ်သားတွေကို အခုလောက်ထိ ပစ်မှတ်ထားခဲ့မယ်မှန်း မတွေးမိခဲ့ကြပါဘူး။

လေယာဉ်ပေါ်ကကျလာတဲ့ ပေါင် ၂၅၀ လေးတဲ့ ဗုံးသီး နှစ်လုံးဟာ ဒေါ်ကလောမြာ ရဲ့ နေအိမ်ပေါ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ လေယာဉ်ဗုံးမကြဲခင်အချိန်မှာ ဒေါ်ကလောမြာတယောက် အိမ်ပေါ်မှာ ဝက်စာပြင်နေတာပါ။ လေယာဉ်သံကြောင့် ပုန်းခိုကျင်းထဲ ဆင်းပုန်းနေစဉ်မှာပဲ နေအိမ်ပေါ်ကို ဗုံးကျခဲ့တာမို့ ဒေါ်ကလောမြာဟာ ကံကောင်းထောက်မစွာ အသက်အန္တရာယ်ကနေ ကပ်သီလေး လွတ်သွားခဲ့ပါတယ်။

ဗုံးဆံပေါက်ကွဲမှုကြောင့် ဒေါ်ကလောမြာတို့ မိသားစု ချွေးနည်းစာနဲ့ ဆောက်လုပ်ထားခဲ့တဲ့ အုတ်ညှပ်ပျဉ်ထောင်အိမ်ကြီး ပြာကျသွားသလို မိသားစု အပိုဝင်ငွေစုတဲ့အနေနဲ့ မွေးထားတဲ့ ဝက်မကြီးလည်း သေဆုံးသွားပါတယ်။

အဲဒီဖြစ်စဉ်မှာ ဒေါ်ကလောမြာကတော့ ပြင်ပထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ပေမဲ့ ဗုံးရဲ့တုန်ခါမှုဒဏ်ကြောင့် ပါးစပ်က ဘေးတဖက်ကို စောင်းသွားသလို မျက်စိလည်း ထိခိုက်ခဲ့ပါတယ်။

 

သူမဟာ သာမာန်လူ တယောက်လို ထမင်းကို ပုံမှန်မစားနိုင်တော့ပါဘူး။ ထမင်းကို ဖြည်းဖြည်းချင်း တလုပ်ချင်းစီ သေချာဂရုတစိုက် စားရပါတယ်။ ထမင်းစားလိုက်တိုင်းမှာလည်း ငရုတ်သီး စပ်သလိုမျိုး မျက်ရည်ဟာ သူ့အလိုလို ကျလာတတ်ပါတယ်။

“ပါးစပ်က တဖက်စောင်းသွားတယ်။ အမြဲတမ်း လက်နဲ့ပွတ်ပေးရတယ်။ ညညဆိုလည်း အိပ်မရဘူး။ ပါးစပ်က နည်းနည်းသက်သာလာပြီ။ ဒါပေမဲ့ မျက်စိတဖက်ကတော့ အခုထိ မသက်သာသေးဘူး” လို့ ဒေါ်ကလောမြာ က ပြောပါတယ်။

သူမ အခုလို ဝေဒနာကို ခံစားနေရတာဟာ နှစ်နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပေမဲ့ ထမင်းစားတိုင်း မျက်ရည်တွေ စီးကျနေမြဲပါ။ ဗုံးကြဲခံလိုက်ရတဲ့ အရှိန်ကြောင့် အခုတော့ ဒေါ်ကလောမြာတယောက် အကြားအာရုံလည်း သိပ်မကောင်းတော့ပါဘူး။

အခုတော့ သူမဟာ လုံခြုံစိတ်ချရမယ်လို့ ထင်ရတဲ့ နေရာတခုမှာ တဲအိမ်ငယ်ကလေးတလုံးထိုးကာ မိသားစုနဲ့အတူ ဘဝသစ်ကို ပြန်လည်စတင်နေပါတယ်။ သူမရဲ့ ပတ်ဝန်းကျင်မှာ သူမတို့လိုမျိုးပဲ နေရပ်ကို ပြန်မနေရဲသေးဘဲ အတူ နေထိုင်နေကြတဲ့ မိသားစုမှာ ဆယ်စုနီးပါးရှိနေပါတယ်။

သူမတို့ မိသားစုကတော့ ယခုအချိန်ထိ ကျေးရွာအတွင်း ပြန်လည်နေထိုင်ဖို့အတွက် စိတ်တောင် မကူးနိုင်ကြသေးပါဘူး။ ဒေါ်ကလောမြာ ဟာ သားယောကျာ်း ခုနှစ်ယောက်ရဲ့ မွေးမိခင် တဦးလည်း ဖြစ်ပါတယ်။ အချိန်တန်အရွယ်ရောက်ပြီဖြစ်တဲ့ သားတွေက ကိုယ်စီခွဲခွာနေထိုင်ကြပြီး၊ အထွေးဆုံး သားငယ်လေးနဲ့အတူ ကရင်နီပြည် ဆိုမိုဖေဆိုးလေး (ရှားတော) မြို့နယ်အတွင်းမှာ နေထိုင်ပါတယ်။

“တိုင်းပြည်အခြေအနေ ပြန်ကောင်းရင်‌တော့ အိမ်ပြန်လာဆောက်ပြီး ပြန်လာနေမယ်။ ဒါပေမဲ့ ဒီလိုမျိုးပဲ ဖြစ်သလိုပဲ ပြန်ဆောက်နိုင်မယ်ထင်တယ်။ အိမ်အကောင်းကြီး‌တော့ ပြန်မဆောက်နိုင်တော့ဘူး။ အိမ်တိုင်တွေကတော့ ကောင်းကောင်းရနိုင်မယ်ထင်တယ်။ ဒါပေမဲ့ ပျဉ်ပြားတွေ ဘာတွေတော့ အရင်လို မရနိုင်တော့ဘူး” လို့ ဒေါ်ကလောမြာ ရဲ့ အမျိုးသားက ပြောပါတယ်။

အခုချိန်မှာတော့ သူမတို့ ဇနီးမောင်နှံ နှစ်ဦးဟာ အသက် ငါးဆယ်ကျော် ရှိနေကြပါပြီ။

အသက်အရွယ် အိုမင်းလာပြီဖြစ်တာကြောင့် အရင်လို နေအိမ် ပြန်လည် ဆောက်လုပ်နိုင်ဖို့ဆိုတာ သူမတို့အတွက် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။

“အသက်တွေလည်း ကြီးနေပြီ။ အားအင်ကုန်သုံးပြီ အိမ်က တခါဆောက်ပြီးပြီလေ။ အခုက အသက်တွေကလည်း ကြီးနေပြီ။ အရင်လို နောက်တလုံး ပြန်ဆောက်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး ထင်တယ်” လို့ အမျိုးသားဖြစ်သူက ပြောပါတယ်။

သူမတို့ မိသားစုကို နေရပ်ပြန်လာနေထိုင်ဖို့ ဖိတ်ခေါ်ကြပေမဲ့လည်း ဒေါ်ကလောမြာဟာ လက်ရှိအချိန်ထိ ဝေဒနာကို ခံစားနေရသေးသလို စစ်ကော်မရှင်ရဲ့ နောက်ထပ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ထပ်ခံရမှာကို စိုးရိမ်ပူပန်နေပါတယ်။

ဒါပေမဲ့လည်း နေရပ်မှာ နွေးထွေးတဲ့ မိသားစုနေအိမ်ကလေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် သူမနဲ့ သူမရဲ့ အမျိုးသားဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းလာမယ့် နေ့ရက်ကို စောင့်မျှော်နေကြဆဲပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ