ကန္တာရဝတီတိုင်း(မ်)
“ကျနော် စပြေးတုန်းကဆိုရင် ကျနော့်မိန်းမ ကိုယ်ဝန်ရင့်မာကြီးနဲ့အတူ ကျနော် ပိုက်ဆံ နှစ်သောင်းပဲ ပါလာတယ်”
တိုက်ပွဲတွေ ကြားကနေ ကိုယ်လွှတ်ရုန်းပြီး လွတ်မြောက်လာခဲ့တဲ့ ဦးပကူးတို့ ဇနီးမောင်နှံ နှစ်ဦးဆီက ကြားခဲ့ရတာပါ။
သူတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ ရှမ်းကရင်နီ – နယ်စပ် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက ကျေးရွာ တရွာမှာ နေထိုင်ခဲ့ကြတာပါ။
သူတို့ကျေးရွာဆီကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ အင်အား တထောင်ဝန်းကျင်နဲ့ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
စစ်ကော်မရှင်တပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်း ထိုးလာပြီး ဒေသခံ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ထွက်ပြေးနေချိန်မှာ ဇနီးဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးကို လွယ်ထားခဲ့ရတာပါ။
ကိုယ်ဝန်အရင့်အမာ လွယ်ထားရတဲ့ ဇနီးသည်ကို ဆိုင်ကယ် စုတ်ကလေး တစီးပေါ် ခေါ်တင်ပြီး အသက်ဘေးလွတ်ဖို့ ထွက်ခွာလာရပါတယ်။
ပြင်ဆင်ချိန်မရပဲ ထွက်ပြေးလာကြရတာကြောင့် လက်ထဲမှာလည်းသုံးစွဲဖို့ ငွေနှစ်သောင်းသာပါလာပါတယ်။ ဇနီးသည်ကို ဆေးခန်းပြဖို့ အတွက် ငွေကြေးအခက်အခဲဖြစ်နေပေမဲ့လည်း သူတို့စီးနင်းလာတဲ့ ဆိုင်ကယ်စုတ်လေးကိုတော့ မရောင်းရက်ကြပါဘူး။
အဆိုပါ စီးတော်ယာဉ် အစုတ်ကလေးဟာ သူတို့ ဇနီးမောင်နှံအတွက် ကယ်တင်ရှင်ဖြစ်သလို အမှတ်တရလေး ဖြစ်တာကြောင့် စားစရာမရှိသည့်တိုင်အောင် ရောင်းချခြင်း မပြုလုပ်ခဲ့ပါဘူး။
“အခုချိန်ထိ အဲတာပဲ စီးနေတာ။ အရမ်း အားကိုးရတယ်။ ရောင်းလည်း မရောင်းရက်ဘူး” လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ ခက်ခဲ ကြမ်းတမ်းမှုကို ကြားသိမြင်တွေ့ နေရတဲ့ ဆွေမျိုးသားချင်းတွေ၊ အလှူရှင်တွေ ဆီကနေ အကူအညီတွေ နဲ့ သူတို့ရဲ့ ရင်သွေးငယ်လေးကို လူ့လောကကြီးထဲ ချောမွေ့စွာ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။
“ကိုယ့်ကလေး မျက်နှာကို မြင်တော့ အရမ်းပျော်တယ်။ အဲဒီပျော်ရွှင်မှုက ဘာနဲ့မှလဲလို့ မရဘူး”
ရင်သွေးငယ်လေးကို မြင်တွေ့ရတဲ့ အချိန်မှာတော့ ဖခင်တဦးဆီက ပွင့်ထွက်လာတဲ့ သူရဲ့ ပျော်ရွှင် ပီတိ ဖြစ်မှုကို ကြားခဲ့ရတာပါ။
လက်ရှိမှာတော့ သူတို့ ရဲ့ ရင်သွေးငယ်လေး လူ့လောကထဲကို ရောက်ရှိလာတာ ၆ လ ဝန်းကျင်ရှိနေပါပြီ။
သူတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ လူ့လောကထဲကို ရောက်ရှိလာတဲ့ ရင်သွေးငယ်လေးနဲ့အတူ ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ စစ်ရှောင် နေကြတာပါ။
အဆိုပါ စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေတာဟာ တနှစ်နီးပါးသာ ရှိနေပါသေးတယ်။ စစ်ရှောင်ကာလဖြစ်လို့ ဝင်ငွေမရှိတာကြောင့် လာမယ့်မနက်ဖြန်တိုင်းအတွက် ဝမ်းစာရေးဟာ စိန်ခေါ်မှု တခု ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နေရပ်ဇာတိ၊ ကျေးရွာအတွင်းမှာ နေထိုင်ခဲ့စဉ်တုန်းကလည်း ငွေကြေးတွေကို လယ်ယာစိုက်ပျိုးမှုမှာ အကုန်ရင်းနှီးအသုံးပြုခဲ့တာပါ။

သီးနှံတွေပြန်လည် ရိတ်သိမ်းဖို့ ရောက်ရှိလာချိန်မှာပဲ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရပြီး အရင်းနှီးတွေ ဆုံးရှုံးခဲ့တာပါ။ ဒါဟာ သူတို့ ဇနီးမောင်နှံ နှစ်ဦးအတွက် အကြီးမားဆုံးသော ဆုံးရှုံးနစ်နာမှု တခုလို့ ဆိုရမှာပါ။
လက်ရှိမှာတော့ ရင်သွေးငယ်လေးရဲ့ မျက်နှာတခုနဲ့ပဲ အခက်အခဲ စိန်ခေါ်မှုတွေအားလုံးကို ဖြတ်ကျော်ပြီး ခင်ပွန်းဖြစ်သူ ဦးပကူးက သူ့ကိုယ်သူ အခုလိုပဲ နှစ်သိမ့်ပြောဆိုသွားတာကို ကြားခဲ့ရပါတယ်။
“တော်လှန်ရေးတွေ တူတူလုပ်နေကြပြီဆိုကတည်းက အေးအတူ ပူအမျှကတော့ မျှဝေရမှာပဲ။ ပူပန်မှုတွေ ဖြစ်စေတဲ့ အရာတွေကတော့ ဒီတိုင်းပဲ လွှတ်ထားရမှာပေါ့။ တွေးနေရင်လည်း စိတ်အရမ်းပင်ပန်းတယ်။”





