ကန္တာရဝတီတိုင်း (မ်)
ယခု ရက်ပိုင်းအတွင်း မြန်မာအပါအဝင် အိမ်နီးချင်းထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။
လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် မပေါ့ဆသင့်ပဲ ကာကွယ်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။
ညှစ်ညမ်းနေတဲ့ လေထုထဲမှာ သေးငယ်တဲ့ အမှုန်အမွှားတွေပါဝင်ပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရယ်ဖြစ်စေနိုင်ပါတယ်။
လေထုအရည်အသွေး တိုင်းတာတဲ့ IQAir အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လေထုအရည်အသွေး ဆိုးရွားတဲ့အနီရောင်အဆင့် အမှတ်(AQI) ၁၅၁ ရှိနေပါတယ်။ ပုံမှန်အားဖြင့် AQI အဆင့် ၁၀၀ အောက်ရှိတဲ့လေထုတွေက လေထုသန့်စင်မှုကောင်းတာ၊ အသင့်အတင့်ရှိတာတွေကို ပြပေးတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်မြို့ကတော့ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် ဒီနေ့ မတ် ၃၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရပါတယ်။ ဒီလေထုညစ်ညမ်းမှုတွေကြောင့် ချင်းမိုင်ကလူတွေမှာ နှာခေါင်းသွေးလျံအထိ ဖြစ်ပွားနေတယ်လို့လည်း ဒေသအခြေစိုက်သတင်းတွေက ဖော်ပြကြပါတယ်။
PM2.5 အပါအဝင် ညစ်ညမ်းတဲ့ လေထုထဲမှာရှိတဲ့ သေးငယ်တဲ့ အဆိပ်အတောက်အမှုန်အမွှားတွေက လေကိုရှုသွင်းလိုက်တာနဲ့ အဆုတ်၊ အသက်ရှူလမ်းကြောင်းနဲ့ သွေးကြောထဲကို နက်ရှိုင်းစွာ ဝင်ရောက်နိုင်ပါတယ်။ အဲဒီဝင်ရောက်မှုကနေတဆင့် အရေပြား နဲ မျက်စိယားယံမှုကို ဖြစ်ပေါ်စေတဲ့အပြင် နာတာရှည်ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။
PM2.5 ဆိုတာက လေထုထဲမှာ ရှိတဲ့ အလွန်သေးငယ်တဲ့ ဖုန်မှုန့်အမှုန်တွေကို ဆိုလိုပါတယ်။ PM2.5 ဟာ တောမီးရှို့တာ၊ တောင်ယာမီးရှို့တာ၊ မော်တော်ယာဉ်တွေကနေထွက်တဲ့ မီးခိုးတွေ၊ စက်ရုံ အလုပ်ရုံတွေကနေထွက်တဲ့ မီးခိုးတွေ၊ မီးဖိုကထွက်တဲ့ မီးခိုးငွေ့တွေမှာ ပါဝင်တယ်။
ထိုင်းသတင်းဌာနများတွင်ဖော်ပြချက်အရ မတ်လ (၂၉) ရက်နေ့အထိ ထိုင်းမြောက်ပိုင်းဒေသတွေမှာ လေထုအရည်အသွေးမှာ အနီရောင်အဆင့် (Red Zone)မှာဆက်ရှိနေပါတယ်။ အဲဒီဒေသတွေက ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လန်းပန်း၊ လန်းဖွန်၊ နန်၊ ဖရေး၊ ဖယောင်း နှင့် တာ့ခ် ခရိုင်တို့ ပါဝင်ပြီး လေထုထဲ PM 2.5 အမှုန်အမွှားပါဝင်မှုနှုန်းက တစ်ကုဗမီတာမှာ ၂၈.၂ မိုက်ခရိုဂရမ်ကနေ အမြင့်ဆုံး ၁၉၈.၃ မိုက်ခရိုဂရမ်အထိ တိုင်းတာရရှိထားတယ်လို့ ထိုင်းသတင်းဌာနတွေကပြောပါတယ်။
“ဒီနှစ် တောမီးခိုးကတော့ အရင်နှစ်ကထက်အများကြီး ပိုတယ်။ မနက်စောစောဆိုပိုဆိုးတာပေါ့နော့။ မြို့တစ်ခုလုံးက မြူဆိုင်းသလိုဖြစ်နေပြီးတော့ တောင်တွေဆိုလည်း မမြင်ရဘူး။ အထူးသဖြင့်က အသက်ရှူရခက်တာပေါ့နော။ အသက်ရှူရှင်မောတယ်။ ပြီးကျတော့ နာပိတ်သလိုဖြစ်တာပေါ့။ အပြင်မှာအကြာကြီးနေရင်သိသာတယ်။ မျက်လုံးလည်းစပ်လာပြီးတော့ အသက်ရှူမဝတာမျိုးဖြစ်တာပေါ့နော့” လို့ မယ်ဟောင်ဆောင်မှာရှိတဲ့ ကရင်နီရွေ့ပြောင်းအလုပ်သမားတစ်ဦးကပြောပါတယ်။
သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက အိမ်ပြင်ထွက်ရင် N95 နှာခေါင်းစည်း တပ်ဆင်ဖို့၊ တံခါးနဲ့ ပြတင်းပေါက်တွေကို လုံခြုံအောင်ပိတ်ထားပြီး လေသန့်စင်စက်ရှိရင် အသုံးပြုဖို့ကိုတိုက်တွန်းထားကြပါတယ်။
N95 mask ဆိုတာက လေထုထဲရှိ ဖုန်မှုန့်၊ PM2.5 အမှုန်တွေကို အထူးစစ်ထုတ်နိုင်တဲ့ အသက်ရှူကာကွယ်ကိရိယာ နှာခေါင်းစည်း Mask တစ်မျိုးဖြစ်ပါတယ်။
လေထုညစ်ညမ်းစေတဲ့အကြောင်းရင်း ခုနှစ်မျိုးရှိပါတယ်။ အဲတာတွေက အိမ်တွင်းလေထုညစ်ညမ်းမှု၊ ယာဉ်အသွားအလာကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ စက်မှုလုပ်ငန်းကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ တောမီးနဲ့မြေယာပြုပြင်ရန် မီးရှို့ရာမှဖြစ်ပေါ်လာတဲ့ မီးခိုး၊ သဲနဲ့ဖုန်မှုန့်မုန်တိုင်းများ၊ ဆေးလိပ်မီးခိုး တို့ဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုတွေက တောမီးလောင်တာတွေကြောင့်အဓိကဖြစ်ပွားတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသာမက အိမ်နီးချင်း မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားတို့က တောမီးငွေ့တွေပျံ့လွှင့်လာမှုကြောင့်လည်း လေထုညစ်ညမ်းမှုကို ပိုဆိုးစေတယ်လို့ ထိုင်းသတင်းတွေမှာပြောပါတယ်။





