ကန္တာရဝတီတိုင်း(မ်)
စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ကရင်နီရဲ့ နယ်မြေတွေကို ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကော်မရှင်နဲ့အပြိုင် ၅၀ ရာခိုင်နှုန်းစီ လွန်ဆွဲတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ စစ်ဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေနဲ့ ယခင်ကတည်းက စစ်ဘေးရှောင်နေရသူတွေဟာ ထပ်ဆင့်တိမ်းရှောင်ကြရပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ကော်မရှင်တပ်က နယ်မြေပြန်လည်ရယူထိန်းချုပ်မှုတွေ ပိုမိုကျယ်ပြန့်လာခဲ့လို့ပါ။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာတချို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လာနိုင်ပြီး နောက်ဆက်တွဲ စစ်ဧရိယာတွေလည်း ပိုမိုကျယ်ပြန့်လာပါတယ်။
စစ်ကော်မရှင်ဟာ ဖားဆောင်းမြို့၊ မိုးဗြဲမြို့ ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့အပြင် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ပြည်ထောင်စု လမ်းမကြီးတလျှောက်ကိုလည်း ပြန်လည်ရယူ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
“ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကတော့ ၂၀၂၅ နှစ်အကုန်ပိုင်းကနေစပြီးတော့ ၂၀၂၆ ဒီနှစ်ဆန်း ၅ ရက်ထိပေါ့နော်။ ပိုမိုကျယ်ပြန့်လာတယ် ဆိုတာကတော့ အမှန်ပဲ။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကရင်နီပြည်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်မျက်နှာ ၅ ခု ရှိပါတယ်။ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ မိုးဗြဲ၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီး၊ ဖားဆောင်း-မော်ချီး စတဲ့နေရာတွေမှာ စစ်မျက်နှာဖွင့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
“စစ်မျက်နှာတခုကို အင်အား ငါးရာကနေပြီးတော့မှတထောင် ကြားကို အများဆုံးသုံးတယ်။ ဒီအင်အားအများအပြားသုံးတာ၊ ဒီခေတ်မီဒရုန်း နည်းပညာတွေနဲ့ အဓိက စစ်ကြောင်းထိုးနေတာ ရှိတယ်။” လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ၂၀၂၆ ခုနှစ်မှာ ခေတ်မီတဲ့ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“စစ်ရေးအရက လှုပ်ရှားမှုက သိသိသာသာဖြစ်လာတာပေါ့။ လူအင်အားရော နောက်ပြီးတော့ လက်နက်ခဲယမ်း အသုံးပြုမှုကအစပေါ့။ နောက်ပြီးတော့မှ နေရာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်တာက အဆုံးပေါ့။ ပိုပြီးတော့မှ စစ်ရေးအရ ပိုအချက်အချာကျတဲ့ နေရာတွေကို ပြန်လည်သိမ်းဆည်းရတာတွေ ထိုးစစ်ဆင်တာတွေ တွေ့ရပါတယ်။ ကျန်တဲ့နိုင်ငံရေး လှုပ်ရှားမှုတွေကတော့ ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူး။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညား က ပြောပါတယ်။
စစ်ကော်မရှင်တပ်က နယ်မြေထိန်းချုပ်မှု ပြန်လည်ကျယ်ပြန့်လာသလို၊ အဓိကလမ်းမကြီးကို ထိန်းချုပ်ထားတဲ့အတွက် လူထုတွေရဲ့ သွားလာရေး၊ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်လုပ်ကိုင်ခြင်းတွေကိုလည်း ပိုမိုကန့်သတ်လာစေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

“ဒီအခြေအနေကို တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အကောင်းဆုံး၊ အတတ်နိုင်ဆုံး ခုခံချေမှုန်းနေတာ ဖြစ်တယ်။ ဒါပေမဲ့ အမျိုးမျိုးသော စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေ ရှိတဲ့အတွက် ဒီစစ်ကြောင်းတွေကတော့ လက်ရှိအခြေနေထိ ရောက်လာတာ ဖြစ်တယ်။” လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကော်မရှင်တပ်က နေရာတွေ ပြန်လည်ထိန်းချုပ်ထားတယ်ဆိုပေမဲ့ အချက်အချာကျတဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ မြို့တွင်းဧရိယာတွေကို ထိန်းချုပ်နိုင်တာပါ။ မြို့နယ်တခုလုံးကို အလုံးစုံ ပြန်လည်ရယူ ချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။
လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်မယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖားဆောင်းမြို့
တော်လှန်ရေးဘက်က သိမ်းယူနိုင်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ ဖားဆောင်းမြို့ဟာ လတ်တလောမှာတော့ စစ်ကော်မရှင်ဘက်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားဆောင်းမြို့ကို စစ်ကော်မရှင်က အလုံးစုံထိန်းချုပ်ထားသော်လည်း မြို့တွင်းမှာ အရပ်သားလူထုတွေ နေထိုင်တာ မရှိပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေ ဖားဆောင်းမြို့ကို သိမ်းပိုက်ဖို့ စတင်စစ်ဆင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မြို့ထဲမှာ လူထုတွေမကျန်တော့တာပါ။ လက်ရှိအချိန်အထိတော့ တိမ်းရှောင်ဖို့ ထွက်ခွာသွားတဲ့ ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးပါဘူး။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) ၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO/ကြယ်ဖြူ) ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ( KNPDP/ကယောနီ)၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာပါ။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဖားဆောင်းမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်ပြီဖြစ်ကြောင်းကို စစ်ကော်မရှင်တပ်က ဓါတ်ပုံမှတ်တမ်းတွေနဲ့အတူ သူတို့ပိုင်တဲ့ သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။
ဖားဆောင်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကော်မရှင်တပ်ရင်း နှစ်ခု အနက် ခလရ ( ၁၃၄ ) ကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။ နောက်ဆုံးလက်ကျန် ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ၈ လအကြာမှာ စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ခဲသတ္တုထွက်တဲ့ မော်ချီးဒေသကို ဦးတည်ပြီး ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဖားဆောင်းမြို့က သံလွင်တံတား ဟာလည်း ဖောက်ခွဲဖြိုချခံခဲ့ရပါတယ်။ မည်သည့်အဖွဲ့က ဖောက်ခွဲဖြိုချတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း လိုအပ်ချက်အရ ဖောက်ခွဲဖြိုချရခြင်း ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုက မီဒီယာတွေကို ဖြေကြားထားတာ ရှိပါတယ်။

“လက်ရှိ မြို့(ဖားဆောင်း)ကို စစ်တပ် က ထိန်းချုပ်တယ်။ တိုက်ပွဲလည်း ဖြစ်နေတာ မြို့ပတ်ပတ်လည်မှာပဲ။ မြို့တွင်းပြန်တာတော့ မရှိဘူး။ နေအိမ်လည်း ပြန်မကြည့်ရဲဘူး။ တိုက်ပွဲက အမြဲဖြစ်နေတော့ မိုင်းတွေလည်း ရှိနိုင်တယ်။” လို့ ဖားဆောင်းမြို့ခံတဦးက လက်ရှိ ဖားဆောင်းမြို့အခြေအနေ ကို ပြောပြပါတယ်။
မိုးဗြဲမြို့
မိုးဗြဲမြို့ကိုလည်း စစ်ကော်မရှင်တပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ ပြည်ထောင်စုလမ်းမကြီးကိုလည်း နေ့စဉ်အသုံးပြုသွားလာနေကြပါတယ်။ ၂၀၂၅ ခုနှစ် ဇှုလိုင်လ ၁ ရက်နေ့မှာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက ယာဥ်လိုင်းတွေ ပြန်ဆွဲနေကြပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး၊ ထိုးစစ်တွေကြောင့် ထပ်ဆင့်တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။
လွိုင်ကော်မြို့
လွိုင်ကော်မြို့တွင်းကိုတော့ စစ်ကော်မရှင်တပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားပြီး မြို့တွင်းလည်ပတ်မှုဟာ ပုံမှန်အနေအထားလို ဖြစ်နေပြီ လို့ မြို့ခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာခံတွေကတော့ တိမ်းရှောင်နေရဆဲ ဖြစ်သလို မြို့တွင်းနေ ဒေသခံအများစုကလည်း တိမ်းရှောင်နေကြရဆဲပါ။
မြို့တွင်းပြန်လာနေထိုင်သူတွေထဲက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိသလို သေဆုံးသူတွေလည်း ရှိနေပါတယ်။ ၂၀၂၆ ခုနှစ် ၃ လတာအတွင်း ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီတဲ့ စာရင်းအရ မြေမြှပ်မိုင်း တခုတည်းကြောင့် လွိုင်ကော်မြို့တွင်းမှာ အမျိုးသားတဦး သေဆုံးပြီး တဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီးမော့ဆိုမြို့
ဒီးမော့ဆိုမြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့နဲ့ အဓိက ကူးလူးဆက်သွယ်ထားတဲ့ လမ်းမကြီးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။ ဒီးမော့ဆိုမြို့နယ်( ရှေ့ ) နဲ့ ဒီးမော့ဆိုမြို့နယ်( နောက် ) ကို ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် အရှေ့ခြမ်းမှာရှိတဲ့ ဒေသခံတွေ အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းမှာ ကုန်စည်တွေကို ဝယ်ယူရတဲ့အတွက်ကြောင့်ပါ။ အဆိုပါ လမ်းမကြီးကို ကူးလူးဖြတ်သန်းတဲ့ အရပ်သားတွေကို စစ်ကော်မရှင်တပ်က ပစ်ခတ်မှုတွေလည်း လုပ်ဆောင်နေတဲ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်နေရင်တောင် မသွားလာရဲကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖရူဆိုမြို့
ဖရူဆိုမြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က အရပ်သားတွေတည်ရှိရာကို လက်နက်ကြီး၊ ဒရုန်းတွေ နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာ၊ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့၊ ဒရုန်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေပြီး ဘောလခဲမြို့နယ်ဘက်ကို ဦးတည်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဘောလခဲမြို့
ဘောလခဲမြို့နယ်အစပ် နန်းဖဲကျေးရွာအုပ်စုအတွင်းမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က သေဆုံးတာရှိသလို လက်နက်တချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိထားတာ ရှိပါတယ်။ ဘောလခဲမြို့တွင်းမှာတော့ ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်တာ ရှိသလို မြို့ခံအချို့လည်း ရှိနေပြီး ကုန်စည်ပြတ်လပ်မှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဘောလခဲမြို့တွင်းကို စစ်ကော်မရှင်တပ်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကို ပြန်လည်ဖွင့်လှစ်ထားပေးတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ
“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကတော့ ပိုပြီးတော့ တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ အရင်နှစ်တွေတုန်းကဆိုလို့ရှိရင်တော့ ဒီစစ်မြေပြင်မှာမှ ချိတ်ဆက်ဆောင်ရွက်တာမျိုး ဖြစ်ခဲ့ပေမဲ့ ဒီနောက်ပိုင်းဆိုလို့ရှိရင်တော့ ဒါစစ်ဦးစီးအဖွဲ့ တခုတည်းအောက်မှာ အလုပ်လုပ်တာမျိုး စီစဉ်ဆောင်ရွက်နေတာမျိုး ဖြစ်လာတယ်။ သို့ပင်သော်ငြားလည်း ခုနကပြောတဲ့အတိုင်းပဲ ဒီမြေပြင်မှာတော့ ဒီစိန်ခေါ်မှု အခက်အခဲတွေကတော့ အများကြီးရှိသေးတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။” လို့ KNDF တာဝန်ရှိသူက ပြောသွားပါတယ်။
ကရင်နီပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုပေါင်းမှုဟာ ဒေသခံတွေရဲ့ မျှော်လင့်ချက်တခုလည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းမှာလည်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းစုစည်းပေးဖို့ကိုလည်း လူထုတွေက ပူးပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ကရင်နီဒေသခံတွေရဲ့ ရင်ထဲမှာ ဒီလိုအခက်အခဲတွေကြားကပဲ မျှော်လင့်ချက်မီးစလေးတွေက ငြိမ်းမသွားဘဲ တောက်လောင်နေဆဲပါ။ တနေ့နေ့မှာ ငြိမ်းချမ်းရေးပြန်ရလာပြီး မိသားစုဘဝတွေကို ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးချမ်းချမ်း ပြန်တည်ဆောက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်တွေနဲ့အတူ စိုးရိမ်စိတ်တွေကလည်း တပြိုင်နက်တည်း ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဘယ်အချိန် ပြန်ဖြစ်လာမလဲ၊ တိုက်ပွဲတွေကရော ဘယ်လောက်တောင် ရှည်ကြာနေဦးမလဲဆိုတဲ့ သောကတွေအပြင်၊ စားဝတ်နေရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေ မလုံလောက်တာကလည်း သူတို့အတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ စိုးရိမ်ချက်တွေ ဖြစ်နေပါတယ်။
ကရင်နီပြည်ဟာ စစ်ရေးအလှည့်အပြောင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ဒေသတခုဖြစ်ပြီး၊ ဒေသခံတွေကတော့ အဲဒီအပြောင်းအလဲတွေကြားမှာ မျှော်လင့်ချက်တဖက်၊ စိုးရိမ်မှုကတဖက်နဲ့ အသက်ရှင်သန်နေရဆဲပါ။ မနက်ဖြန်ဘာဖြစ်လာမလဲဆိုတာ မသေချာသေးပေမဲ့၊ မျှော်လင့်ချက်ကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့ ကရင်နီလူထုရဲ့ ဘဝတွေကတော့ ဒီနေ့အထိ ကြံ့ကြံ့ခံတည်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မရေရာတဲ့ မနက်ဖြန်တွေအတွက် ငြိမ်းချမ်းရေးဆိုတဲ့ အဖြေကိုတော့ အားလုံးက မျှော်လင့်ချက်ကိုယ်စီနဲ့ ဆက်လက်စောင့်ကြည့်နေကြရမှာပဲ ဖြစ်ပါတယ်။





