ကန္တာရဝတီတိုင်း(မ်)
“ကျနော်တို့ကတော့ အမှန်တိုင်းပြောရရင် ဘယ်လူနာကိုမဆို ကိုယ့်မိသားစုဝင်လိုမျိုးပဲ တန်ဖိုးထားတယ်။ သူတို့ နဲနဲ လေး ထိခိုက်လာရင်လည်း ကျနော်တို့ ထိသလိုခံစားရတယ်”
ဒါကတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ဆေးတပ်သားအဖြစ် တာဝန်ကို ထမ်းဆောင်နေတဲ့ ကိုရဲမင်းအောင်ရဲ့ ပြောစကားပါ။
ဒီစကားဟာ သူရဲ့ လူနာတွေအပေါ် ထားတဲ့ စေတနာ၊ မေတ္တာတရားကို အထင်းသားမြင်နိုင်ပါတယ်။
မိသားစုအတွင်းမှာ အထွေးဆုံးသားဖြစ်တဲ့ ကိုရဲမင်းအောင်ဟာ အသက် ၃၀ အရွယ်ရှိပါပြီ။ သူဟာ စစ်တပ်က အာဏာမသိမ်းခင်အချိန်တုန်းကတော့ ကရင်ပြည်တွင်း တနေရာမှာ ကိုယ်ပိုင် စီးပွားရေးအနေနဲ့ စတိုးဆိုင်လေး တဆိုင်ဖွင့်လှစ်ထားသူပါ။
အာဏာသိမ်းပြီးနောက်မှာတော့ ကိုယ်ပိုင် စီးပွားရေးကို စွန့်လွတ်ပြီး စစ်တပ်ရဲ့ မတရားမှုကို တော်လှန်တဲ့ခရီးကို ရဲရဲကြီး လျှောက်လှမ်းလာခဲ့တာ အခုအချိန်ထိပါပဲ။
ကိုရဲမင်းအောင်ဟာ KNDF မှာ ဆေးတပ်သား တာဝန်ကိုယူထားတဲ့အပြင် ကရင်နီလူငယ်တွေအတွက် နည်းပညာသင်တန်း တခုကိုလည်း ဖွင့်လှစ်ထားပါတယ်။
ပညာရေးတပိုင်းတစနဲ့ လမ်းပေါ်မှာ အလေလွင့်နေတဲ့ လူငယ်တွေ၊ တော်လှန်ရေးအတွက် တိုက်ပွဲ ဝင်ရင်း ကိုယ်အင်္ဂါပေးဆပ်လိုက်ရသူ လူငယ်တွေ အတွက် Karenni Digital Empowerment Program(KDEP) ဆိုတဲ့ ကွန်ပျူတာ သင်တန်းလေးကို ဒီးမော့ဆို မြို့နယ်အတွင်း တနေရာမှာ ဖွင့်လှစ် ထားပါတယ်။
“တော်လှန်ရေး ရဲဘော်တွေကို အဓိက ထား ဦးစားပေးခေါ်တယ်။ ရုံးပိုင်းမှာ ကူချင်နေတဲ့ ရဲဘော်တွေ ပြီးတော့ တိုက်ပွဲတွေမှာ ခြေထောက်တွေ ထိသွားတဲ့ ရဲဘော်တွေ သူတို့က ဆက်တတ်မြောက်ချင်တယ်ဆိုရင် ကျနော်တို့က သင်ပေးတယ်။ ပြီးတော့ ပညာရေး တပိုင်း တစနဲ့ အထက်တန်း ပြီးမြောက်ထားတဲ့ လူငယ်တွေကိုလည်း အဓိကဦးစားပေးပြီးခေါ်တယ်” လို့ ကိုရဲမင်းအောင်က ပြောပါတယ်။
ယခု ဆိုရင်တော့ လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ သင်တန်းအပတ်စဉ် – ၂ ရောက်နေပါပြီ။ အပတ်စဉ် – ၂ မှာတော့ သင်တန်းသား ၄၆ ဦးရှိပြီး၊ ပြီးခဲ့တဲ့အပတ်စဉ် ၁ မှာတော့ သင်တန်းသူ သင်တန်းသား ၂၆ ယောက်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သင်တန်း အပတ်စဉ် တခုကိုတော့ အခြေအနေ ပေါ် မူတည်ပြီး ၄ လ ကနေ ၆ လအထိ ကြာမြင့် နိုင်ပါတယ်။
သင်တန်းအတွင်းမှာတော့ Basic Computer Skills ၊ Microsoft Office Basics ၊ Windows Installation & Setup ၊ Windows User Account & Password Management ၊ Adobe Photoshop ၊ Useful Online Tools for Daily Use ၊ Linux Operating System (Intro) ၊ Basic Programming (Intro) ၊ Digital Safety & Online Security စတဲ့ အကြောင်းအရာ ခေါင်းစဉ် ( ၉ ) ခုကို သင်ကြားပေးတာ ဖြစ်ပါတယ်။
“ကျနော်တို့ ဆီကို လာတဲ့ သူတွေ အားလုံးကတော့ လိုလိုချင်ချင်နဲ့ လာကြတယ်။ အဲတွက်ကြောင့် ဒီဘက်က အခက်အခဲ ကြားကနေ လုပ်ဆောင်ပေးရတဲ့ အချိန်မှာလည်း ပင်ပန်းပေမယ့်လည်း ပျော်တယ်။ ပြီးတော့ သူတို့ရဲ့ အခန်း ကဏ္ဍက အရမ်းကို အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုရင် သိကြတဲ့ အတိုင်း ကျနော်တို့ ကရင်နီမှာက လူ့အရင်းအမြစ်တွေ က ရှားပါးတယ်။ လူ့အရင်းအမြစ်တွေ ရှားပါးတဲ့ အထဲမှာကမှ ခေတ်က ထပ်ပြီးတော့ မကောင်းတော့ လမ်းပေါ်မှာ လေလွင့်နေတဲ့ လူငယ်တွေ ပိုများလာတယ်။ ဒီလို ပရိုရမ်တွေ များများလုပ်နိုင်ရင် ဒါမှမဟုတ် ဒီသင်တန်း မဟုတ်ရင်တောင်မှ ဒီလူငယ်တွေ အတွက် အကျိုးရှိတဲ့ လုပ်ငန်းမျိုး သင်တန်း မျိုးကို များများလုပ်ပေးနိုင်ရင် လူငယ်တွေ အတွက် ပိုပြီးတော့မှ အထောက်အပံ့ ဖြစ်မယ်။ လမ်းပျောက်နေတဲ့ ကိစ္စတွေ လျော့နည်းသွားမယ်” လို့ ကိုရဲမင်းအောင်က ဆက်ပြောပါတယ်။
ကိုရဲမင်းအောင်ဟာ ထိခိုက်ဒဏ်ရာရနေတဲ့ ရဲဘော်တွေ ၊ ပြည်သူလူထုတွေကို ဝေဒနာ သက်သာစေဖို့ ကုသပေးရင်း နဲ့ တဖက်မှာလည်း ကရင်နီလူမျိုးတွေ အတွက် ပညာရေး အခွင့်လမ်း ကောင်း တခုကို ရရှိနိုင်ဖို့ အတွက် ပုံဖော်ဖန်တီးပေးချင်သူ တဦးပါ။
ကိုရဲမင်းအောင် လိုမျိုးပဲ ကရင်နီ လူငယ်တွေ အတွက် ပညာရေး အခွင့်အလှမ်းကို ပုံဖော်ဖန်တီးပေးချင်သူတွေ အဖွဲ့အစည်းတွေ အနေနဲ့လည်း အတူတကွ လုပ်ဆောင်ကြဖို့ ကိုလည်း သူက အခုလို ပြောဆိုပါတယ်။
“ကျနော်က သင်ကြားရေး အပိုင်းကနေလာတာ မဟုတ်တော့ ဒီဟာက ကျနော့်တွက် အခက်အခဲ စိန်ခေါ်မှု တခုပါ။ ဒီကရင်နီပြည်တွင်းမှာ ကော်လိပ် အဆင့်ထိ မဖြစ်နိုင်ရင်တောင်မှ ဒီပလိုမာ ကောင်းကောင်းပေးနိုင်တဲ့ ပရိုရမ်တွေ ကောင်းကောင်းလေးနဲ့ ကျနော်က ဆက်သွားချင်တယ်။ အဲတွက်ကြောင့် ကျနော်တို့ နည်းပညာပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် တခြားငွေရေး ကြေးရေး ပိုင်းဆိုင်ရာ ဖြစ်ဖြစ် အထောက်အပံ့ ပေးနိုင်တဲ့ အဖွဲ့အစည် တခုခု ရှိမယ် ဒါမှမဟုတ် စိတ်ဝင်စားတဲ့ လူငယ်တွေ အသင်းအဖွဲ့တွေ ရှိတယ်ဆိုရင် ကျနော် ဖိတ်ခေါ်ပါတယ်” လို့ ကိုရဲမင်းအောင်ကပြောပါတယ်။
ကရင်နီပြည်မှာတော့ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ တခြားသော လူမှုစီးပွားအခက်အခဲ၊ စိန်ခေါ်မှုတွေအကြားမှာ လူငယ်တွေဟာ ပညာရေးအခွင့်အလမ်းတွေဆုံးရှုံးနေကြသလို၊ တန်းမြင့်ပညာဆက်လက်ဆည်းပူးနိုင်ရေး အခက်ကြုံနေရချိန်မှာ ကိုရဲမင်းအောင်ရဲ့ သင်တန်းကျောင်းလေးကတော့ တထောင့်တနေရာကနေ အကျိုးပြုနေတယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပဲ ဖြစ်ပါတယ်။




