ကန္တာရဝတီတိုင်း ( မ် )
“တကယ့် အရေးပေါ် အခြေအနေရောက်လာတဲ့အခါမှာတော့ ကျနော်တို့မဖြစ်မနေ လူထုတွေ သိသင့်တဲ့ စစ်ရေးဆိုင်ရာ အသိပေးချက်တွေကို ပြောပြမှာဖြစ်ပါတယ်။ လက်ရှိကတော့ စစ်ကောင်စီက ဒီးမော့ဆိုကို စစ်ကြောင်းထိုးနေတယ်ဆိုတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။”
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီက ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့ နဲ့ ဖယ်ခုံအင်းအရှေ့ကမ်းတွေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ပြီးနောက်ပိုင်း မိုးဗြဲနဲ့ထိစပ်နေတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီက ရှေ့ကင်းထောက်လှမ်းတာ၊ လက်နက်ကြီး ပစ်ခတ်တာမှုတွေကို ခပ်စိတ်စိတ် လုပ်ဆောင်နေတာကြောင့် လူထုတွေဟာ လုံခြုံရေးအရ ထပ်မံတိမ်းရှောင်နေရတာပါ။
လတ်တလောမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေ ၊ လူထုတွေအတွက် စစ်ရေးသတိရှိရမဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကို ကန္တရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ကရင်နီပြည်၊ အထူးသဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိတယ်လို့ ကြားသိရတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဒီအကြောင်းအရာကို ဦးဆုံး ပြောပြပေးပါရှင့်။
ဖြေ ။ ။ အဓိက စစ်ကောင်စီအနေနဲ့က မိုးဗြဲနဲ့လွိုင်ကော်လမ်းမကြီးကို ယူလိုက်တယ်ပေါ့နော်။ ယူလိုက်ပြီးနောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့(စစ်ကောင်စီ) က လူအင်အားဖြစ်ဖြစ်၊ ရိက္ခာဖြစ်ဖြစ်၊ ခဲယမ်းဖြစ်ဖြစ် တော်တော်များများက ထောက်ပို့လမ်းကြောင်းက ပိုကောင်းသွားတာပေါ့။ နောက်တခုက လွိုင်ကော်နဲ့ ဒီးမော့ဆို လမ်းကြောင်းပေါ့နော် ဒီဟာကျတော့ စစ်ကောင်စီရဲ့လှုပ်ရှားမှုက ပုံမှန်ရှိတယ်။ ရှိတဲ့အပြင်ကို ကျနော်တို့တပ်တွေနဲ့လည်း ထိတွေ့မှုတွေတော့ရှိတယ် ကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့် ရံဖန်ရံခါ ထိတွေ့မှုတွေရှိတယ်။ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကျနော်တို့ရဲ့တပ်တွေက အရှေ့ကင်းတွေက မျက်နှာချင်းဆိုင်မှာပဲ အမြဲရှိနေကြတယ်။ အခုလောဆယ် ဇူလိုင်လနောက်ဆုံးပတ်ကစပြီး ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကတော့ အဓိက က ဒီးမော့ဆိုမှာ အခြေစိုက်တဲ့တပ်တွေပေါ့နော် တပ် ၂ တပ်ရှိတယ်။ အဲ့ဒီကနေ တောက်လျှောက် လက်နက်ကြီးပစ်ကူတာတွေ လုပ်တာမျိုးရှိတယ်။ ပြီးရင် အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေဖက် ရွာတွေဖက်ကို လက်နက်ကြီးတွေ ပစ်လာတာမျိုးရှိတယ်။ နောက်တခုက စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ကိစ္စပေါ့။ ဒီးမော့ဆိုဖက်ကို စစ်ကြောင်းထိုးတယ်ဆိုတဲ့ဟာမျိုးက ကျနော်တို့ စစ်ကြောင်းထိုးတယ်လို့ ပြောဖို့ခက်တယ်။ စစ်ကြောင်းထိုးတာထက် စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေတော့ ရှိနေတယ်ပေါ့နော်။ အဲ့ဒီခါမှာ ကျနော်တို့ ပုံမှန်အသုံးပြုနေတဲ့ လမ်းတွေပေါ့ တချို့နေရာမှာဆိုလို့ရှိရင် ကျနော်တို့တွေက စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေရှိလာတဲ့အခါမှာ လူထုတွေအတွက် နည်းနည်းလေး အန္တရာယ်လည်းရှိနိုင်တယ်။ နောက်ပြီး သတိထားရမယ့် အခြေနေလေးဖြစ်တဲ့အခါမှာ ကျနော်တို့က ဒီလမ်းတွေကို ယာယီပေးမသွားတာမျိုးပေါ့နော်။ ခနပိတ်ထားတာမျိုးရှိတယ်။ တကယ့် အရေးပေါ် အခြေအနေရောက်လာတဲ့အခါမှာတော့ ကျနော်တို့မဖြစ်မနေ လူထုတွေ သိသင့်တဲ့ စစ်ရေးဆိုင်ရာ အသိပေးချက်တွေကို ပြောပြမှာဖြစ်ပါတယ်။ လက်ရှိကတော့ စစ်ကောင်စီက ဒီးမော့ဆိုစစ်ကြောင်းထိုးနေတယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။
မေး ။ ။ ဒီရက်ပိုင်းအတွင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီအခြေစိုက်တပ်တွေကနေ လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။ တချို့ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်လို ပြောဆိုချက်တွေလည်း ရှိနေတော့ လူထုတွေကလည်း ရွေ့ပြောင်းကြတာရှိတယ်။ ဒီအပေါ်မှာရော ဆရာ ဘယ်လို ဖြည့်စွက်ချင်ပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီရှိတဲ့နေရာနဲ့ နည်းနည်းလေး အလှမ်းနီးတယ်တဲ့နေရာကတော့ ပြောရရင် ဒီးမော့ဆိုအခြေစိုက်တပ်တွေက လက်နက်ကြီးပစ်ကူတွေ ဒီနောက်ပိုင်းမှာ ခပ်စိတ်စိတ်လုပ်လာတော့ အသံတွေက အနီးကပ်ကြားရတယ်။ သေနတ်ပစ်ဖောက်တာကအစ နီးနီးကပ်ကပ် ကြားရတာမျိုးရှိတယ်။ ဒါပေမယ့် အဲ့ဒါက ထိတွေ့တိုက်ပွဲမျိုးမဟုတ်ဘဲ စစ်ကောင်စီက ပုံမှန်အတိုင်း တောက်လျှောက် ကင်းရှည်ထောက်တဲ့အခါမျိုးဆိုရင်လည်း သေနတ်ဖောက်လေ့ဖောက်ထရှိတယ်။ တခါတလေကျရင်လည်း ထိတွေ့မှုက ရံဖန်ရံခါဖြစ်တာမျိုးလည်းရှိတယ်ပေါ့။ လူထုတွေကတော့ ဒီအရာတွေအပေါ်မှာ စိုးရိမ်မှုတွေရှိပြီးတော့မှ ကိုယ့်နဲ့နီးတဲ့နေရာမျိုးဆို ရှောင်ကြတာမျိုးရှိတယ်။ ဒါကလည်း တစ်နည်းအားဖြင့် ကြည့်ရင် ကောင်းပါတယ်။ လူထုတွေက ကြိုတင်ရှောင်ရှားကြတဲ့အခါမှာ အန္တာရာယ် တစ်စိတ်တစ်ဒေသ ရှောင်ရှားနိုင်တယ်ပေါ့။ ဒါပေမယ့် စစ်ရေးအခြေအနေအရ ပြောရမယ်ဆိုရင်တော့ ခုနက ကျနော်ပြောခဲ့သလိုမျိုးပဲ စစ်ကောင်စီရဲ့လှုပ်ရှားမှုလေးတွေကတော့ ရှိနေတယ်။ ဒါပေမယ့် လူထုတွ တကယ်ကို လုံးဝရှောင်ရမယ့် တကယ့်ကို ရှောင်တိမ်းရတော့မယ်ဆိုရင်အခြေအနေမျိုး ရှိလာခဲ့ရင် အရေးပေါ်အခြေအနေပေါ့ ရှိလာခဲ့ရင် ကျနော်တို့က စစ်ရေးနဲ့သက်ဆိုင်တဲ့ အသိတို့ သတိပြုရမယ့်ဟာမျိုးကို ကျနော်တို့ ပြောပြပေးမှာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေရှိလာပေမယ့် လုံးဝအရေးပေါ်အခြေအနေမျိုးတော့မဟုတ်သေးဘူး။ အဲ့လိုမျိုးတော့ ပြောလို့ရမယ်။

မေး ။ ။ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ နီးတဲ့ နေရာတွေမှာ ဒေသခံတွေလည်းရှိတယ်။ လက်ရှိကလည်း မိုးရာသီကာလဖြစ်တော့ မရွေ့ပြောင်းကြသေးဘဲနဲ့ စိုက်ပျိုးရေးလုပ်ကြတာရှိတယ်။ ရှိရာနေရာတွေမှာ လက်နက်ကြီးကျရောက်တာကိုလည်း ကြုံတွေ့နေရတယ်။ ဒီအပေါ်မှာ KNDF တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူအနေနဲ့ လူထုတွေကို ဘယ်လို အသိပေးပြောဆိုချင်တာ ရှိမလဲ။
ဖြေ ။ ။ ထိတွေ့တိုက်ပွဲတွေက ခပ်စိတ်စိတ်ရှိတယ်။ ရှိတဲ့အပြင်ကို စစ်ကောင်စီအနေနဲ့က လက်နက်ကြီးပစ်ခတ်မှုတွေကို နေရာရွေးနေတာမဟုတ်ဘူး။ နကိုယ်ကတည်းကိုက လက်နက်ကြီးပစ်ခတ်မှုကို လူထုတွေရှိရာဖက်ကို ပစ်နေတာမျိုးက လုပ်နေကျပဲ။ သို့သော်လည်းပဲ ခပ်စိတ်စိတ်ဖြစ်လာတဲ့အနေအထားမှာတော့ သေချာပေါက် လက်နက်ကြီးပစ်ခတ်တဲ့နေရာနဲ့ အနီးကပ်မှာရှိနေတယ်ဆိုရင်တော့ ကိုယ်ကလုံခြုံတဲ့နေရာတွေကို ရှောင်ရှားဖို့လိုတယ်။ နောက်တခုက မလိုအပ်ရင် အဲ့ဒီလက်နက်ကြီးကျတယ်ဆိုတဲ့နေရာကို မသွားလာဖို့လိုတယ်။ နောက်တခုကတော့ လူထုတွေအနေနဲ့ လေကြောင်းဖြစ်ဖြစ်၊ လက်နက်ကြီးဖြစ်ဖြစ် တစုံတခု ပစ်လာခဲ့ရင် စူးစမ်းတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့လုံခြုံရေးကိုပဲ အဓိက ဦးစားပေးပြီးတော့ အကာကွယ်ရှိတဲ့နေရာမှာ လုံခြုံတဲ့နေရာမှာ ပုန်းတာမျိုးတွေ ခိုအောင်းနေတာမျိုးတွေကို လုပ်သင့်တယ်၊ လုပ်ရမှာဖြစ်တယ်။ နောက်တခုက စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို ကျနော်တို့အနေနဲ့က ခန့်မှန်းရခက်တယ် ဘယ်ဖက်ကို ပစ်လာမလဲဆိုတာမျိုးကို ခန့်မှန်းရခက်တဲ့အခါမှာ အချိန်မရွေး အန္တာရာယ်ရှိနိုင်တယ်။ လက်နက်ကြီးထွက်လာရင် လူထုတွေအနေနဲ့ ရှောင်ရှားမယ် လုံခြုံတဲ့နေရာတွေမှာ နေထိုင်မယ် အဲ့ဒီဟာကို မပျက်မကွက် လုပ်ဆောင်ဖို့လိုတယ်။ လက်ရှိမှာ ကျနော်တို့က ဒီဟာပဲ အကြံပြုနိုင်သေးတယ်။
မေး ။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ လူထုတွေကလည်း ကင်းထောက်ယာဉ်သွားတာဖြစ်ဖြစ် တိုက်ခိုက်ရေးယာဉ်သွားတာဖြစ်ဖြစ် လက်နက်ကြီးပစ်ခတ်တာဖြစ်စေ စိုးရိမ်တာရှိတယ်။ ဒီအရာအပေါ်မှာကော ဘယ်လို ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပဲလာလာ ၊ ဂျက်ဖိုက်တာပဲလာလာ လူထုတွေက သတိထားရမယ်။ စစ်ကောင်စီက ဘာလုပ်မလဲဆိုတာကို ကျနော်တို့ကြိုမသိနိုင်တဲ့အခါမှာ တကယ်လို့ ကိုယ့်အနီးအနားကနေ ဖြတ်သန်းသွားလာတာမျိုးဖြစ်ဖြစ် လေယာဉ်လာတာမျိုးဖြစ်ဖြစ် မဖြစ်မနေ လူထုတွေက ခုနက ကျနော်ပြောခဲ့သလို လုံခြုံတဲ့နေရာမှာနေဖို့လိုတယ် သွားပြီးစူးစမ်းပြီးကြည့်နေလို့မရဘူး။ စစ်ကောင်စီက သူ့အလုပ်သူ လုပ်လိမ့်မယ် ကိုယ်ကလည်း ကိုယ်လုပ်ရမယ့်ဟာကို လုပ်ဖို့လိုတယ်။ ဥပမာ- လေယာဉ်တွေလာရင် မဖြစ်မနေ ကိုယ့်အတွက် လုံခြုံတယ်ဆိုတဲ့နေရာမှာ နေဖို့လိုတယ်။ အဲ့ဒါပဲပြောချင်တယ်။
မေး ။ ။ မကြာသေးခင်ကပဲ စစ်ကောင်စီက သူတို့ရဲ့အခြေစိုက်တပ်ရင်းစခန်းတွေမှာ လေယာဉ်ကနေတဆင့် ထောက်ပို့ရေးလုပ်ဆောင်နေတာရှိတယ်။ အထူးသဖြင့် ဖရူဆိုပေါ့၊ အမှတ် ၁၄ မှာပေါ့။ ဒါ့အပြင် အခုလအတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့အထဲ ကရင်နီက မြို့နယ်တချို့လည်းပါဝင်တဲ့အပေါ်မှာ လူထုတချို့ကလည်း စစ်ရေးအရ တိုက်ပွဲပြန်ပြင်းထန်လာမလားဆိုပြီး စိုးရိမ်ကြတာလည်းရှိတယ်။ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ ။ ။ မသုံးသပ်ချင်ဘူးပေါ့နော်။ ဘာလို့လဲဆိုလဲ စစ်ကောင်စီက လက်နက်ခဲယမ်းတွေကို လေယာဉ်နဲ့ချတယ်ဆိုတာ ခုမှမဟုတ်ဘူး။ အရင်ကတည်းကလည်း စစ်ကောင်စီက လုပ်နေတယ်။ အဓိက က လေယာဉ်နဲ့ ချရတယ်ဆိုကတည်းက စစ်ကောင်စီက မြေပြင်မှာ ထောက်ပို့လမ်းကြောင်းက ပြတ်တောက်နေတယ်။ နောက်ပြီး စစ်ကောင်စီရဲ့လှုပ်ရှားမှုမှန်သမျှကို ကျနော်တို့က စောင့်ကြည့်တယ် ကျနော်တို့အနေနဲ့ကလည်း လုပ်စရာရှိတာလုပ်နေတယ်ဖြစ်တဲ့အတွက် လူထုအနေနဲ့ စိုးရိမ်သင့်တာကို စိုးရိမ်ဖို့လိုတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သတင်းအမှားတွေကို သတိပြုဖို့လိုတယ်။ ကျနော်တို့ တပ်ပိုင်းဆိုင်ရာအနေနဲ့က လူထုတွေအတွက် တကယ်လိုအပ်တဲ့ သတင်းအချက်အလက်တွေ လူထုတွေအတွက် အန္တရာယ်ရှိနိုင်မယ့်အရာတွေကို တကယ်ရှိလာခဲ့ရင် ကျနော်တို့အနေနဲ့က အချိန်နဲ့တပြေးညီ လူထုတွေကို အသိပေးမှာဖြစ်ပါတယ်။
မေး ။ ။ လတ်တလော ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေ အထူးသဖြင့် လူထုတွေနဲ့ပတ်သက်ပြီး ထပ်ပြီး ဖြည့်စွက်ပြောဆိုတာရှိသေးလာရှင့်။
ဖြေ ။ ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ရှိနေတယ် ပြီးတော့ စစ်ရေးလှုပ်ရှားမှုကလည်း တချို့ရှိနေတယ်။ ပြီးရင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကလည်း ခပ်စိတ်စိတ်ဖြစ်နေတဲ့အခါမှာ လူထုတွေက မဖြစ်မနေတော့ ကိုယ်လုံခြုံတဲ့နေရာမှာ ရွေ့ပြောင်းတာမျိုးတွေ နောက်တခုက စစ်ရေးအသိနဲ့သတိရှိဖို့လိုတယ်။ သတိရှိရှိနဲ့ ကိုယ့်အတွက် လုံခြုံနိုင်မယ်ဆိုတဲ့ အခြေအနေမျိုးတွေမှာပဲ သွားလာနေထိုင်ဖို့ လိုတယ်။ အဲ့တခုပဲ ဖြည့်စွက်ပြောချင်ပါတယ်။ ကျန်တာတော့မရှိပါဘူး။
ကျေးဇူးတင်ပါတယ်။