ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းသက္ကရာဇ် ၂၇၆၅ နှစ်ပြည့် ကယန်းနှစ်သစ်ကူး အထိမ်းအမှတ်နေ့မှာ နေရာဒေသ အသီးသီးက ကယန်းလူငယ်တချို့ရဲ့ ရင်တွင်းစကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
ကိုလင်းလင်း ( ဒီးမော့ဆိုမြို့နယ် )

“၂၀၂၅ ခုနှစ်မှာကျရောက်တဲ့ ၂၇၆၅ ကယန်းနှစ်သစ်ကူးနေ့မှာ ကယန်း တစ်မျိုးသားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသားနေထိုင်တဲ့ နေရာ အသီးသီးတွေမှာ ကယန်းနှစ်သစ်ကူးအခမ်းအနားကို ပြုလုပ်တဲ့ အဖွဲ့အစည်းတွေ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ရှိပါတယ်။ ကယန်းနှစ်သစ်ကူးနေ့ကို နှစ်စဥ်နှစ်တိုင်း ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့သလို လာမည့် နှစ်စဥ်နှစ်တိုင်းမှာလည်း အခမ်းအနားပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကယန်းနှစ်သစ်ကူးနေ့မှာ ကယန်းတိုင်းရင်းသား တိုင်းရင်းသူအားလုံး စိတ်ပျော်ရွှင်ခြင်းများရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။”
ကြူမေခိုင် (ဖယ်ခုံမြို့နယ် ၊ အလယ်ကယန်းဒေသ )

“ကိုယ့်လူမျိုး တွေက (၄) ခုလောက်ရှိတယ်ဆိုတော့လေ။ မတူကွဲပြားမဟုတ်ပဲနဲ့ စည်းစည်းလုံးလုံးပေါ့။ ဒီထက်မကလည်း စည်းလုံးသွားစေချင်တယ်။ ဘယ်သူခွဲခွဲ သွေးမခွဲပဲနဲ့ သွေးစည်းစေချင်တယ်ပေါ့နော်။ ပြီးရင်တော့ ဒီလိုတော်လှန်ရေး ဖြစ်နေတော့လေ အရင်ကလိုမျိုးစည်းစည်းလုံးလုံးနဲ့ မကျင်းပနိုင်ဘူးလေ။ တကွဲတပြားစီ ရောက်နေတာနဲ့ စစ်ရှောင်နေရတာနဲ့ဆိုတော့ မလုပ်ဖြစ်တာလည်း ရှိတယ်။ ဒီတိုင်းပဲအကျဉ်းပဲ ပြုလုပ်သွားကြတာတွေရှိတယ်။ ကိုယ့်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်မှာဆိုရင် ကြီးကြီးမြတ်မြတ် လုပ်ချင်ကြတာတွေရှိတယ်ပေါ့နော်။ ကိုယ့်ဘက်ဒေသတွေမှာက မရှိတော့ နောက်နှစ်ဆိုရင်တော့ လုပ်စေချင်တယ်။ ပွဲကြီးဖြစ်ဖြစ် တွေ့ဆုံပွဲလေးပဲ ဖြစ်ဖြစ် ကိုယ့်လူငယ်တွေအတွက် အဲ့လိုမျိုးတွေပေါ့နော်။ ညီအကိုမောင်နှမတွေ စုံကြတာကိုလည်း မြင်ချင်တယ်”။
ယူလားရီယာ ( ဖယ်ခုံမြို့နယ် )

“ နောက်တနှစ်ရောက်သွားပြီပေါ့နော်။ ဒီနေ့ ဒီအချိန်ထိ ကိုယ့်ရဲ့ လူမျိုး ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့နိုင်ငံအတွက်ပေါ့နော်။ တဖက်တလှမ်းကနေပေါ့နော် အကျိုးပြုပေး ကယန်းလူမျိုးတွေ အနစ်နာခံပေးခဲ့တဲ့ ကယန်းလူမျိုးတွေ လေးစားဂုဏ်ယူကြောင်းပြောချင်တယ်။ ပြီးရင်တော့ ဒီနှစ်သစ်ကနေ စပြီးတော့မှ ကယန်းလူမျိုးတိုင်း ကိုယ့်ရဲ့ လူမျိုး ပြီးတော့ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့ နိုင်ငံ ဖွံ့ဖြိုးဖို့ အတွက် အားစိုက်ပေးစေချင်တယ်။ပြီးတော့ ဒီလိုနေ့ ဒီလို အခမ်းအနား တွေကို ပါဝင်ချင်ကြပေမယ့် ဒေသအခြေအနေ နိုင်ငံရေး အခြေအနေတွေကြောင့် မပါဝင်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမယ့် တယောက်ချင်းစီရဲ့ စိတ်ထဲမှာက ကိုယ်က ကယန်း ၊ ပြီးတော့ ဒီနေ့ဟာ ကယန်းနှစ်သစ်ကူးနေ့ ဆိုတဲ့ဟာလေးကို အများကြီးအမှတ်ရ ပြီးမှ စိတ်ထဲမှာ စွဲနေမယ်လို့တော့ မျှော်လင့်ပါတယ်။
ကယန်းလူငယ်တစ်ဦး ( ဖယ်ခုံမြို့နယ် ၊ အလယ်ကယန်းဒေသ )

“ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကယန်း လူမျိုးတွေ တစုတစည်းထဲနဲ့ မြင်တွေ့နေရတာ ကျနော် ဝမ်းသာမိပါတယ်။ ဆက်လက်ပြီး ကယန်းလူမျိုးတွေ ဒီထက်မက စည်းလုံးမှုတွေကို မြင်တွေ့ချင်ပါကြောင်း ပြောကြားချင်ပါတယ်။ ဆက်လက်ပြီးတော့ တစုတစည်းထဲ ပြန်ဖြစ်အောင် ကျနော်တို့ အမျိုးမျိုးသော စည်းရုံးမှုတွေ လိုအပ်နေပါတယ်။ အခုလို ခေတ်ဆိုးစနစ်ကြီး ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကျနော် တို့ ကယန်း တိုင်းရင်းသားက စစ်ဘေး စစ်ဒဏ်နဲ့ ခံနေရတဲ့အတွက်ကြောင့် ကျနော်တို့မှာ စည်လုံးရမှာက ခက်ခဲလှပါတယ်။ ကျနော်တို့ ကယန်းလူငယ်တွေ မှာ သိ ၊ တတ် တဲ့ အတတ်ပညာတွေနဲ့ ကျနော်တို့ လူမျိုးတွေ ပြည်လည်စည်းလုံးနိုင်ရမယ်။ ဒီထက်မက ကျနော်တို့ လူမျိုးတွေ စည်းလုံးဖို့က ကျနော်တို့မှာ တာဝန်ရှိကြောင်းပြောချင်ပါတယ်။”




