spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeအင်တာဗျူးကရင်နီပြည်နယ်တပ် (UKSA) ဖွဲ့စည်းနိုင်ရေးအပေါ် လူငယ်တွရဲ့စကားသံများ

ကရင်နီပြည်နယ်တပ် (UKSA) ဖွဲ့စည်းနိုင်ရေးအပေါ် လူငယ်တွရဲ့စကားသံများ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ဟာ ဧရိယာအားဖြင့် မြန်မာနိုင်ငံရဲ့ အသေးငယ်ဆုံး ပြည်နယ်ဖြစ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အာဏာသိမ်း ကာလအတွင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အများကြီး ရှိနေတဲ့ ပြည်နယ်တခုပါ။

၂၀၂၆ နှစ်ဦးပိုင်းထဲမှာပဲ ကရင်နီပြည်မှာ ပြည်နယ်တပ်ဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော ကရင်နီပြည်နယ်တပ်မတော် (UKSA) ကို ဖွဲ့စည်းနိုင်ဖို့ အချက်ပေးသံတွေ၊ စကားသံတွေဟာ သတင်းမီဒီယာ နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာပါ ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။

ညီညွတ်သော ကရင်နီပြည်နယ်တပ်မတော် UKSA ကို ဖွဲ့စည်းနိုင်ဖို့ ဆိုတဲ့အပေါ် ကရင်နီလူငယ်တွေရဲ့ စကားသံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ခူးကူးရယ် ( အသက် ၃၀ အရွယ် ၊ ဆိုမိုဖေစိုးလေးမြို့နယ်)

ခူးကူးရယ် ( အသက် ၃၀ အရွယ် ၊ ဆိုမိုဖေစိုးလေးမြို့နယ်)

“ကျနော့်အနေနဲ့ပြောရရင် (UKSA )ဖွဲ့စည်းမယ်ဆိုတာက ကောင်းပါတယ်။ ဖွဲ့သင့်တယ်လို့လည်း မြင်တယ်။ ဘာဖြစ်လဲဆိုတော့ အဖွဲ့အစည်းတွေက များနေတော့ သူ့အဖွဲကိုယ့်အဖွဲ့ ခွဲခြားတာတို့ တဖွဲ့နဲ့ တဖွဲ့ကြားမှာ အချင်းချင်းပြိုင်ဆိုင်တာတွေ ရှိနေတယ်။ (UKSA) ဖွဲ့လိုက်မယ်ဆိုရင် တမိန့်ထဲ တသံထဲဆိုတော့ ပိုပြီးတော့ ထိရောက်မယ် လို့ မြင်မိတယ်။”

မော်လူမြာ (အသက် ၃၂ အရွယ် ၊ လွိုင်ကော်အရှေ့ခြမ်း)

မော်လူမြာ (အသက် ၃၂ အရွယ် ၊ လွိုင်ကော်အရှေ့ခြမ်း)

“ UKSA ဖြစ်ရေးက ကျမတို့လူငယ်တွေရဲ့ နဂိုရည်မှန်းချက်ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၅ နှစ်အတွင်း ညီညီညွတ်ညွတ်နဲ့ မသွားနိုင်ခဲ့လို့ ထင်သလောက် ခရီးမရောက်ခဲ့ကြဘူးလို့ ပြောလို့ရတယ်ပေါ့နော။ ဘာလို့လဲဆိုရင် ယခုအချိန်ထိ အချင်းချင်းကြားမှာ ညီညွတ်ဖို့ လိုက်စည်းရုံးနေရတုန်း ၊ တိုက်တွန်းနေရတုန်းဖြစ်နေတယ်။ လူငယ်တွေက လက်ဗလာနဲ့ တိုက်ပွဲဝင်နေကြတဲ့ အချိန်မှာ တချို့က ကိုယ်ကျိုးစီးပွားအတွက် ကာကွယ်ချင်နေကြတယ်။ လူငယ်တွေက စစ်ထွက်တိုက်နေတဲ့အချိန်မှာ တချို့ကတော့ တိုက်ဆောက်ဖို့ကြိုးစားနေကြတယ်။ ဒါက ကောင်းတဲ့အရွှေ့ကို သွားနေခြင်းမဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်။ ဒီအချိန်မှာ ဘုံရန်သူဟာ အာဏာရှင်တွေဖြစ်တဲ့ စစ်အုပ်စုနဲ့သူ့ရဲ့အပေါင်းအပါတွေဖြစ်တယ်။ ဒါကြောင့် တစုတစ်စည်းတည်း မစုဖွဲ့နိုင်ရင် ညီညီညွတ်ညွတ်နဲ့ မတိုက်နိုင်ရင် ရှေ့ဆက်မှာ မျော်မှန်းထားသလိုဖြစ်လာဖို့ မလွယ်ဘူး။ လူငယ်တွေလည်း စိတ်ဓါတ်တွေ ကျကုန်လိမ့်မယ်။ ဒါကြောင့် စည်းလုံးညီညွတ်ဖို့ တစ်စုတစ်စည်းတည်းသွားဖို့က အပြောနဲ့တင်မဟုတ်ပဲ လက်တွေ့နဲ့သက်သေပြဖို့ အချိန်တန်ပြီလို့ပြောချင်တယ်။ လက်ရှိမှာ UKSA ဖြစ်ရေးကို လူငယ်တွေက ဦးဆောင်ပြီးရှေ့ကနေ လက်တွေ့ပြနေတယ်။ အဲဒါကြောင့် တကယ်ပဲ တော်လှန်ရေးအောင်ချင်ရင် ၊ ဒီမျိုးဆက်မှာတကယ်ပဲ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ်စေချင်တယ်ဆိုရင် UKSA ဖြစ်ရေးကို ဦးတည်ကြပါ ၊ UKSA ဖြစ်ရေးမှာ ပါဝင်ကြပါ။ လက်တွေ့နဲ့သက်သေပြကြပါလို့ပဲ လူငယ်တစ်ယောက်နေနဲ့ တိုက်တွန်းချင်ပါတယ်”

ဆိုင်ဖ(အသက် ၂၅ နှစ်အရွယ် ၊ ဒီးမော့ဆိုအနောက်ခြမ်း)

ဆိုင်ဖ(အသက် ၂၅ နှစ်အရွယ် ၊ ဒီးမော့ဆိုအနောက်ခြမ်း)

“လူငယ်တစ်ယောက်အနေနဲ့ဆို UKSA က ကရင်နီမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံး လူမျိုးရေး မခွဲခြားပဲ ဖွဲ့စေချင်တယ်။ အားလုံးမစုစည်းနိုင်ရင် ကျနော်တို့ ကရင်နီပြည်က လူထုတွေပိုပြီး ခက်ခဲမယ်။ ကရင်နီက တော်လှန်ရေးမှာ အစုဖွဲ့များတာက ရေရှည်အတွက် မကောင်းဘူး ။ ခုကတည်းက တစ်စုတစ်စည်းထဲ သွားနိုင်ဖို့လိုတယ်။ အဲ့ဒါကြောင့် UKSA ဖွဲ့ကိုဖွဲ့စေချင်တယ်။ UKSA ကို ငွေကြောင့်၊ လူမျိုးကြောင့်၊ အားလုံးကိုမေ့ပြီး နှစ်(၇၀) ကျော် မစုဖွဲ့နိုင်ခဲ့တဲ့အရာကို ယခုအချိန်မှာ စုဖွဲ့နိုင်စေချင်တယ်။ ငါကအဖြူမို့၊ မင်းကအမဲဖို့ထက် အဖြူနဲ့အမဲပေါင်းပြီး ခေတ်သစ်ခဲရောင်ကို ဖော်ဆောင်စေချင်ပြီ”

တီရယ် ( အသက် ၂၅ နှစ်အရွယ် ၊ ဒီးမော့ဆိုအရှေ့ခြမ်း)

တီရယ် ( အသက် ၂၅ နှစ်အရွယ် ၊ ဒီးမော့ဆိုအရှေ့ခြမ်း)

“UKSA တပ် ဖွဲ့စည်းမယ့်အပေါ် လူငယ်တစ်ယောက်အနေနဲ့ တစ်ဦးတစ်ယောက်အနေနဲ့ တကယ် ဖြစ်စေချင်တဲ့ အရာတစ်ခုပဲ။ ကျနော်တို့ပြည်တွင်းမှာ စည်းစည်းလုံးလုံးနဲ့ အင်အားစုတခုဖြစ်လာရင် အကျိုးအရှိဆုံး အရာဖြစ်တယ်။ တစ်စုတစ်စည်းတည်း လုပ်ဆောင်တဲ့ မည်သည့်အရာမဆို အောင်မြင်လွယ်တယ်။ ဒါကြောင့် UKSA တပ်ပေါင်းစုတစ်ခု ဖြစ်လာဖို့ကို မျှော်လင့်တယ်။ ထိုမှသာ အောင်မြင်တဲ့ အင်အားစုနဲ့ ပန်းတိုင်ကိုမြန်မြန်ရောက်နိုင်မယ်လို့ မြင်ပါတယ်”

ငိုလို(အသက် ၃၀ အရွယ် ၊ ဖရူဆိုမြို့နယ်)

“ကျမ တကိုယ်တည်းအမြင်နဲ့တော့ (UKSA) ဖွဲ့စည်းတာကောင်းတယ်လို့ထင်တယ်။ သိတဲ့အတိုင်း အခုကရင်နီမှာက တပ်ရင်းတွေလည်းများတယ်။ ဆိုတော့ တစ်ခုခုရှေ့ဆက်သွားဖို့ဆို ဟိုသူက သဘောမတူ ဒီသူက သဘောမတူနဲ့ ညှိရနှိုင်းရ ဆက်လုပ်လို့မရတဲ့ အခြေနေတွေလည်း ရှိတတ်တယ်ပေါ့။ တပ်ပေါင်းစုဖွဲ့စည်းပြီး Chain Of Command (COC) တစ်ခုတည်းနဲ့ ကရင်နီက တပ်ရင်းတွေအားလုံးပါဝင်လာနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးရှေ့ကိုမြန်မြန်ရောက်နိုင်မယ်”

Ma Romance ( အသက် ၃၅ နှစ်အရွယ် ၊ မိုးဗြဲ – ဖယ်ခုံမြို့နယ် )

“ကျမရဲ့ အမြင်ကတော့ တပ်ပေါင်းစု တခုထဲ ဖြစ်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုရင် တဦးတယောက်ချင်း အဖွဲ့အစည်းတခုချင်းက ကျမတို့ပြည်သူတွေအနေနဲ့ လှူရတာလည်း မထိရောက်ဘူး။ ဘယ်အဖွဲ့ကို လှူလို့ လှူရမှုန်း မသိဘူး။ အဲလို တခုထဲ ဖြစ်သွားရင် ပိုပြီးတော့ ထိရောက်မယ်။ ရဲဘော်တွေနဲ့ တွေ့တိုင်း တပ်ပေါင်းစု တခုထဲဖြစ်လာဖို့ အမြဲပြောဖြစ်တယ်။ တပ်ပေါင်းစု ဖြစ်ပြီးတော့ အဲဒီ အမိန့်အောက်မှာ တသွေးထဲ တသံထဲ သွားဖို့က လည်း လိုတယ်။ ဥပမာ ယခုလက်ရှိ စစ်တပ်မှာ လိုမျိုးပေါ့။ စစ်တပ်တွေမှာက တသွေးထဲ တသံထဲ သွားလို့ပဲ အခုထိ အမြစ်မပြတ် နိုင်ဘူးလေ။ အဲတာကြောင့် မင်းအောင်လှိုင်က အခုချိန်ထိ တည်ရှိနေတာလည်း ဒီရဲ့ စနစ်အောက်မှာ အမိန့်တခုကို လိုက်နာတဲ့ အတွက်ကြောင့် သူတို့က ယခုအချိန်ထိ မပြုတ်နိုင်သေးတာ ဖြစ်တယ်”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ