Homeအင်တာဗျူးပွင့်လင်းရာသီမှာ တောမီးအန္တရာယ်ကို စိုးရိမ်နေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ စကားသံများ

ပွင့်လင်းရာသီမှာ တောမီးအန္တရာယ်ကို စိုးရိမ်နေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းယူပြီးနောက် ကရင်နီပြည်က ဒေသခံအများစုဟာ မိမိတို့ရဲ့ နေအိမ်ကိုစွန့်ခွာပြီး တောထဲ၊ တောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်ကြရတာ ယခုနှစ်ဆိုရင် ၅ နှစ်ဝန်းကျင်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပွင့်လင်းရာသီကို ရောက်ရှိလာတိုင်း စစ်ဘေးရှောင်တွေဟာ မိမိတို့ ကျန်ရစ်တဲ့ နေအိမ်တွေကို မီးဘေးအန္တရာယ် ကျရောက်မှာ စိုးရိမ်နေကြရပါတယ်။

စစ်ရှောင်ကာလ အချိန်ကြာမြှင့်လာတာနဲ့အမျှ လက်ရှိ နေထိုင်ကြတဲ့ စစ်ရှောင်စခန်း အနီးအနားကိုလည်း တောမီးအန္တရာယ် ကူးစက်မှာကို စိုးရိမ်ကြရပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်ရင်းကနေ တောမီး စတင်လောင်ကျွမ်းလာပြီး အနီးအနား ကျေးရွာအထိကို မီးကူးလာခဲ့တာ ရှိပါတယ်။

ပွင့်လင်းရာသီမှာ တောမီးအန္တရာယ်နဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်တချို့ရဲ့ စိုးရိမ်ပူပန်မှု စကားသံတွေကို ဖော်ပြလိုက်ပါတယ်။

မရိုစီ ( အသက် ၃၅ နှစ်အရွယ် )

“တောမီးလောင်ရင်တော့ အဓိက အခုလက်ရှိနေနေတဲ့ စစ်ရှောင်မှာရှိတဲ့ တဲတွေကို ပိုပြီး စိုးရိမ်မှု ရှိပါတယ်။ တောမီးကြောင့် တဲနဲ့ စပါး၊ စောင်၊ အဝတ်အထည်တွေကို ဆုံးရှုံးမှာစိုးရိမ်တာ၊ စစ်ရှောင်တွေ မီးကြောင့် ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်တာတွေရှိပါတယ်။ ရွာမှာကျန်ခဲ့တဲ့ အိမ်နဲ့ ပစ္စည်းတွေကတော့ အထွေအထူး စိုးရိမ်တာ မရှိတော့ပါဘူး။ ပစ္စည်းတွေတော့ အရင်ကတည်းက သူခိုးတွေခိုးပြီးနေလောက်ပါပြီ၊ အိမ်တွေဆိုရင်လည်း ဖြုတ်လို့ရသလောက် အကုန်ဖြတ်ယူသွားကြပြီလို့ သိရတယ်။ ကျမ တစ်ယောက်အနေနဲ့ကတော့ ရွာမှာရှိတဲ့ အိမ်ကို အထူး စိုးရိမ်တာမရှိတော့ပါဘူး။ တခြားသူတွေတော့ ဘယ်လို တွေးမလဲ မပြောတတ်ဘူးပေါ့။ အခုဖြေထားတာတွေက ကျမတစ်ယောက်တည်းရဲ့ သဘောထားဖြစ်တယ်”

ခူးတရီ ( အသက် ၃၀ အရွယ်)

ခူးတရီ ( အသက် ၃၀ အရွယ်)

“နွေရာသီ ရောက်တိုင်းပေါ့နော် ကျနော်တို့ရဲ့ ကျေးရွာမှာ ကျန်ခဲ့တဲ့ အိုးအိမ်တွေအတွက်ကတော့ စိတ်ပူတာတွေ ရှိတယ်။ အရင်တုန်းကလည်း ကျနော်တို့ကြုံတွေ့ခဲ့ရတယ်။ တောမီး လောင်ရာကနေမှ ကျေးရွာမှာ ရှိတဲ့ အိမ်တလုံး ပါသွားတာလည်း ကြုံရဖူးတော့ ကျေးရွာတွေမှာ ပြန်လာနေတဲ့သူတွေ လည်း အလှည့်ကျ မီးကင်းစောင့်တာတွေ ရှိတယ်။ မီးလောင်တာတွေ ရှိရင် ကျေးရွာမှာ နေတဲ့ သူတွေ ကို အသိပေးပြီးမှ မီးရဲ့ အခြေနေကို စောင့်ကြည့်ရတယ်။ လိုအပ်ရင် မီးသတ်ရတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ကြရတယ်။ နောက်ပြီးတော့ စစ်ရှောင်တွေမှာ သွားနေကြရတဲ့ သက်ကြီး ရွယ်အိုတွေကလည်း သူတို့ရဲ့ အိုးအိမ်တွေ ခြံမြေတွေ စိုက်ပျိုးသီးနှံပင်တွေ မီးများ စွဲလောင်ကုန်ပြီးလား ဆိုပြီး စိုးရိမ်နေတာတွေလည်း ရှိတယ်”

 

 

ဖယ်ခုံဒေသခံ အမျိုးသမီးတဦး( အသက် ၃၅နှစ် အရွယ်)

“ကျမ တယောက်ထဲ အနေနဲ့ကတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိတော့ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ထွက်လာပြီ ဆိုကတည်းက အနောက်ကို စိတ်ထဲမှာ သိပ်ပြီးတော့ မရှိတော့ဘူး။ ဖြစ်ချင်သလိုဖြစ် စစ်တပ်က လာယူချင်လည်း ယူပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ယူလည်း ယူပြီးကုန်ကြပြီးကော။ ထော်လော်ဂျီ ဆိုလည်း ယူသွားပြီ။ပြီးတော့ ကျမတို့ ဝယ်ပြီးလှောင်ထားတဲ့ သစ်တွေလည်း ယူသွားပြီ၊ တော်တော်များများကို အကုန်ယူသွားတော့ သူတို့ မီးထပ်ရှို့ရင်လည်း စိတ်မပူတော့ဘူး။ကျမ စိတ်ပူတာက ကျမ လက်ရှိနေနေတဲ့ နေရာ လောင်ကျွမ်းသွားမှာကိုပဲ စိတ်ပူတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျမ တို့ အသက်မွေးဝမ်းကြောင်းပြုနေတာလည်း ကျမ တို့ လက်ရှိနေနေတဲ့ နေရာမှာဆိုတော့လေ”

ဒေါ်ရှားမူ ( အသက် ၃၅နှစ် ဝန်းကျင်)

ဒေါ်ရှားမူ ( အသက် ၃၅နှစ် ဝန်းကျင်)

“စိုးရိမ်ပူပန်မူတွေကတော့ အများကြီး ရှိတာပေါ့။ အထူးသဖြင့် ကျမတို့စစ်ရှောင်တွေပေါ့ ။ မိုးကာအောက်နဲ့နေရတော့ မီးကိုပိုပြီး သတိထားရတယ်။ပိုပြီးတော့လည်း စိုးရိမ်ရတယ်။ မီးဖိုချောင်ဆိုလည်း ကျဉ်းကျဉ်းလေးနဲ့ချက်ပြုတ်နေရတော့ မီးဘေး အန္တရာယ် က အရမ်းကြီးတယ်”

ခူးစေးရယ် ( အသက် ၄၀ ကျော် )

ခူးစေးရယ် ( အသက် ၄၀ ကျော် )

” စစ်ရှောင်ရင်း ကိုယ့်အိုးအိမ် ပြန်ရပြီ ပြောနေတဲ့ချိန်မှာ ကိုယ့်အိမ် မီးထဲ ပါသွားမယ်ဆိုရင် ကိုယ်ဘယ်လို ပြန်နေရမလဲပေါ့။ နေအိမ် တစ်လုံး ဆောက်ဖို့ က တရက်ဆောက် တရက်ပြီးတဲ့ ကိစ္စ မဟုတ်ဘူး။ကျနော်တို့ဆို အိမ်တစ်လုံး ဆောက်နိုင်ဖို့ လူပျိုဘဝကနေ သစ်ဝါး တွေ စုရတယ်။ ဆယ်နှစ်ကျော်လောက်စု ထားရတယ်ပေါ့နော် ။ အခု ရွာ ရွာလမ်း၊ ရွာလယ်တွေမှာ မြက် အရမ်းထူနေတယ်။ ပူပြင်းတဲ့ နွေရာသီမှာ မီးလောင်မှာကိုအရမ်းစိုးရိမ်တယ်။ စစ်တပ်ကလည်း သူတို့တပ်မီးလောင်မှာကို သူတို့ စိုးရိမ်တယ်။ ဒါကြောင့် သူတို့ တပ် ပတ်ပတ်လည် မှာ မီးတားလမ်း လုပ်ပြီး မီးရှို့ပြီး အနီးအနားက ရွာတွေကို မီးကူးကုန်တယ်။ ရေရှည်စစ်ဘေးရှောင်နေတဲ့ အချို့ကျေးရွာက သူတို့အိုးအိမ် ရှိ၊ မရှိဆိုတာကို သူတို့ကိုယ်တိုင်တောင် မသိရတဲ့ သူတွေ ရှိတယ်”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ