ကန္တာရဝတီတိုင်း(မ်)
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ မြင်တွေ့ရပါတယ်။ ဒီလိုကာလတွေမှာ အိမ်မှာမွေးမြူထားတဲ့ ကြက် (သို့မဟုတ်) စစ်ရှောင်စခန်းတွေမှာ ကြက်နာကျပြီး အစုလိုက်အပြုံလိုက် သေဆုံးတာတွေကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုပြဿနာတွေကို ဘယ်လို ကာကွယ်နိုင်မလဲ၊ ကြက်နာကျလာရင် ဘာတွေသတိထားရမလဲ ဆိုတာနဲ့ပတ်သက်ပြီး မွေးမြူရေးနဲ့ ကုသရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ CDM တိရစ္ဆာန်ဆေးကုဆရာဝန်တဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ အိမ်တွင်း တနိုင်တပိုင် မွေးတဲ့ကြက်တွေမှာ အနာကျတာတွေ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေက ဘာတွေ ဖြစ်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ ဒီဘက်တီးရီးယား (ဒါမှမဟုတ်ရင်) ဗိုင်းရပ်စ်ကြောင်းဖြစ်တဲ့ ကူးစက် ရောဂါဖြစ်တဲ့အခါမျိုးမှာဆိုရင် ကြက်တွေက တကောင်စ၊ နှစ်ကောင်စ သေတာကနေပြီးတော့မှ အုပ်စုလိုက် သေသွားတဲ့ အရပ်ခေါ်မယ်ဆို ကြက်နာကျတာပေါ့နော။ အဲ့လိုရောဂါမျိုးတွေဖြစ်တယ် ဒီရောဂါတွေက ဘယ်အချိန်မှာအဖြစ်များဆုံးလည်းဆိုရင် ရာသီကူးပြောင်းကာလတွေမှာ အဖြစ်များဆုံးပဲ ဖြစ်တယ် ပေါ့နော်။ ဥပမာဆိုလိုရှိရင် ဆောင်းကနေ နွေကိုကူးတဲ့ကာလမျိုး၊ နွေကနေမိုးကိုကူးတယ် မိုးကနေ ဆောင်းကိုကူးတယ် အဲ့လိုအကူးအပြောင်းကာလတွေမျိုးမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ အဓိကတော့ စောနပြောတဲ့ဘက်တီးရီးယားကြောင့်ဘဲ ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တယ် ရောဂါတွေပေါ့နော်။
မေး။ ။မွေးမြူရေးခြံကြီးတွေထက် အိမ်တွင်းမွေးတဲ့ ကြက်တွေမှာ ဘယ်လို ရောဂါတွေ ပိုတွေ့ရပါသလဲ။
ဖြေ။ ။ ကြက်တွေက အများအားဖြင့် လွှတ်ကျောင်းတဲ့စနစ်နဲ့ မွေးကြတယ်ပေါ့နော်။ အဲ့လို လွှတ်ကျောင်းတဲ့စနစ်နဲ့ မွေးတဲ့ကြက်တွေဟာဆိုရင် မွေးမြူရေးခြံမှာ မွေးတဲ့ကြက်တွေနဲ့ နှိုင်းယှဉ် လိုက်တဲ့ အခါမျိုးမှာဆိုလို့ရှိရင် သူတို့မှာရောဂါကာကွယ်ခြင်း ပေါ့နော်။ ကာကွယ်ဆေး အစီအစဥ် မရှိကြဘူးလေ။ တချို့ရှိပေမဲ့လည်းနည်းပါးတယ်။ ရာခိုင်နှုန်းအနေနဲ့ကြည့်မယ်ဆိုရင် မရှိသလောက် နည်းပါးတာမျိုးရှိတယ်။ နောက်တခါသူတို့က ဇီဝလုံခြုံရေးလို့ခေါ်တဲ့ ရောဂါတွေ တခြားခြံကနေ ကိုယ့်ခြံကို မဝင်ရောက်နိုင်အောင် တားဆီးတဲ့လုပ်ငန်းစဉ်မျိုးပေါ့။ အဲ့လိုမျိုးလည်း သူတို့ဆီမှာ အဲ့လိုနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေ မရှိကြဘူးပေါ့နော်။ အဲ့လိုအခါမျိုးမှာ မွေးမြူရေးခြံတွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဒီဒေသကြက်တွေ မှာဆိုရင် ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါတို့ ကြက်ကျောက်ရောဂါဆို ပိုပြီးတော့မှ တွေ့ရတယ်။ တကယ်တမ်းတော့ ဒီရောဂါတွေ ကာကွယ် လို့ရတယ်။ ကာကွယ်ဆေးတွေလည်းရှိတယ်။ ဒါပေမဲ့အဲလို အစီအစဉ်မရှိတဲ့အတွက်ကြောင့် အဲ့ဒီရောဂါတွေ ပိုပြီးတော့မှ အဖြစ်များတာတွေ့ရတယ်။ နောက်တခုကတော့ ပြင်းထန် ကြက်ငှက်တုတ်ကွေးရောဂါပေါ့။ အဲလိုရောဂါမျိုးဆိုရင်တော့ ဒီမွေးမြူရေးခြံမှာဘဲဖြစ်ဖြစ်၊ ဒီဒေသကြက်မွေးမြူတဲ့ နေရာမှာပဲဖြစ်ဖြစ် ဒါကတော့ နှစ်နေရာလုံးဖြစ်နိုင်တဲ့အနေအထားပေါ့နော။ အဲ့ဒါတွေကတော့ စောန ကာကွယ်ဆေး အစီစဉ်လုပ်ဆောင်လို့ မရတဲ့အနေအထားမျိုး။ ဒါပေမဲ့ ဒီကာကွယ်ဆေးမလုပ်ဆောင်နိုင်တဲ့ ဒေသကြက်တွေကတော့ စောနပြောတဲ့ ကြက်လည်လိမ်၊ ကြက်ဝမ်းကျနဲ့ ကြက်ကျောက် ရောဂါတွေက ပိုပြီးတော့မှအဖြစ်များပါတယ်။
မေး။ ။ကြက်အစာနဲ့ ရေ မသန့်ရှင်းတာက ကြက်နာကျမှုကို ဘယ်လောက်အထိ သက်ရောက်နိုင်ပါသလဲ။
ဖြေ။ ။ ဒါကတော့လေ လူတွေလိုမှာပဲပေါ့နော်။ အစာရေစာရရှိမှု သန့်ရှင်းဖို့လိုအပ်တယ်။ တိရစ္ဆာန်တွေမှာလည်း သန့်ရှင်းသောရေရရှိဖို့လိုအပ်တယ်။ နောက်တခုက အစားအစာတွေ၊ အဲ့တာတွေလည်း လိုအပ်တယ်။ အဲမှာဆိုလို့ရှိရင် မသန့်ရှင်းတဲ့ရေနဲ့ အစားစာလို့ပြောလိုက်လို့ရှိရင် နှစ်မျိုးတော့ရှိမယ်။ တမျိုးကတော့ ဘာဖြစ်မလဲဆိုလို့ရှိရင် ရောဂါကူးစက်ခံထားရတဲ့ ရေတွေပေါ့။ ဥပမာ – ကြက်တကောင် မကျန်းမာဘူး၊ မစွန့်ပစ်ဘူး၊ မမြှပ်ပစ်ဘူး၊ ချက်စားတဲ့အချိန်မှာ ကြက်ကို ကိုင်တွယ်တဲ့သူ ဆေးကြောတဲ့ရေပေါ့။ အဲ့လိုရေမှာဆို ရောဂါပိုပါတယ်။ အိမ်ကြက်တွေဆိုတော့ လွှတ်ကျောင်းစနစ်နဲ့ဆိုတော့ အိမ်တအိမ်က ပန်းကန်ဆေးစင်အောက်မှာကျတဲ့ ရေတွေ၊ ထမင်းလုံး တွေ ရှာစားရင်းနဲ့ ကြက်တွေက အဲ့ရေကိုသွားသောက်မိတာဖြစ်နိုင်တယ်။ အဲလိုမျိုးဆိုလို့ရှိရင် ရောဂါတိုက်ရိုက်ကူးစက်နိုင်တယ်။ နောက်တခုက ပုံမှန်အစာခွက်၊ ရေခွက်သန့်ရှင်းမှု မရှိတာ။ ဆန်တွေမှိုတက်ရင်ကြက်တွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်နိုင်တယ်။ အဲတာကြောင့် ဒီအစာနဲ့ရေ သန်ရှင်းရေးကလည်း သူတို့ရဲ့ (ကြက်တွေရဲ့) မွေးမြူရေးလုပ်ငန်းမှာပေါ့နော်။ မွေးမြူရေးလုပ်ငန်းကြီး တော့မဟုတ်ဘူး။ တနိုင်တပိုင် လုပ်ငန်းလေး အောင်မြင်ဖို့အတွက်ဆိုလည်း အဲတာက အခြေခံကျတဲ့ အထဲမှာပါတယ်။
မေး။ ။ ရောဂါဖြစ်တဲ့ကြက်တွေကို စားသုံးမယ်ဆိုရင် ကြက်အချင်းချင်းကြား ပိုပြီးကူးစက်စေသလား။ ပြီးတော့ လူတွေကို ကူးစက်နိုင်လား။
ဖြေ။ ။ ပုံမှန်ဆိုတော့ ကြက်သားကို ကျက်အောင်ချက်စားမယ်ဆိုရင်တော့ လူကို ကူးစက်တာမျိုးတော့မရှိဘူး။ ကြက်တကောင်က နေသိပ်မကောင်းဘူး မသေခင်မှာပဲ သတ်စားလိုက်တယ်။ သူ့ရဲ့စွန့်ပစ်ပစ္စည်းကို စနစ်တကျမစွန့်ပစ်ဘူးပေ့ါ။ ဥပမာ ကြက်မွေးနုတ်တယ် ဒီတိုင်းပဲမျောလိုက်တယ်။ မြောင်းထဲမှာ ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) အိမ်နောက်မှာပဲပစ်ထားလိုက်တယ် ဆိုရင် ဒီကြက်သားကိုင်တွယ်တဲ့ချိန်မှာ ဆေးကြောတဲ့ရေတွေကိုလည်း ဒီတိုင်းပဲ ဆေးကြောလိုက်တယ် ဆိုရင်ကျတော့ တခြားအိမ်က ကြက်လာလို့ရှိရင် သေချာပေါက် ဒီရောဂါကကူးတယ်။ သူကိုင်တွယ် လိုက်တဲ့ဆေးကြောလိုက်တဲ့ရေမှာကော ကြက်ရဲ့အမွေးတွေမှာကော ရောဂါကရှိနေနိုင်တယ်။ ဥပမာ – ကိုယ်က ကြက်ကိုရောဂါအနာဟုတ်လား မဟုတ်လား မသေချာလို့ ချက်စားတယ်ပဲထားဦး စနစ်တကျ စွန့်ပစ်ဖို့လိုတယ်။ စွန့်ပစ်ပစ္စည်းတွေကို ကျင်းနက်နက်တူးပြီးတော့မြှုပ်တာတို့၊ ထုံးဖြူးပြီး မြှုပ်တာတို့ ပေါ့နော။ ဒါမှမဟုတ်ရင် မီးရှို့လိုက်တာတို့ အဲလိုလုပ်မယ်ဆိုရင် တိုက်ရိုက်ထိတွေ့မှုက နည်းတော့ ပိုပြီးတော့ နည်းသွားတယ်ပေ့ါနော်။
မေး။ ။အိမ်တွင်းမွေးတဲ့ ကြက်တွေကို ကာကွယ်ဆေး ထိုးပေးဖို့ လိုအပ်ပါသလား။ ထိုးသင့်တဲ့ ကာကွယ်ဆေးတွေက ဘာတွေပါသလဲ။
ဖြေ။ ။ သူ(ကြက်) ကရောဂါတခုဝင်ပြီဆိုရင် သူ့မှာကြိုတင်ကာကွယ်ခြင်း အစီစဥ်ရယ်။ ထိန်းချုပ်ခြင်းအစီစဥ်ဆိုပြီး တော့နှစ်မျိုးရှိတယ် ဒီရောဂါကို ကာကွယ်ချင်တယ်ဆိုလို့ရှိရရင်တော့ ကာကွယ်ဆေးအသုံးပြုတာနိုင်ဖို ့ကြိုးစားတာက ပိုပြီးတော့မှ သင့်လျော်တယ်။ ဒါ့အပြင် ဇီဝလုံခြုံ ရေးပေါ့။ ဇီဝလုံခြုံရေးလို့ပြောတဲ့နေရာမှာ ဘာခက်ခဲနိုင်လည်းဆိုတော့အဓိက လွှတ်ကျောင်းစနစ်က ခက်ခဲနေတာ အကယ်၍ လွှတ်ကျောင်း စနစ်ထက်စာရင် တဝက်လွှတ်ကျောင်း နဲ့ တဝက်ခြံလှောင် ဆိုတဲ့ပုံစံပေါ့နော်။ ကာကွယ်ဆေးတွေက အများအားဖြင့် ကြက်တွေကို ဖမ်းပြီးတော့ မျက်စဉ်းခပ် ပေးရတာရှိတယ်။ ဆေးထိုးပေးရတာမျိုးတွေရှိတယ်ပေါ့နော။ အများအားဖြင့် ကာကွယ်ဆေးတွေက ရေခဲနဲ့သယ်ရတယ်။ ဆေးတခါကို အကောင်တထောင်စာလာတာ။ တချို့ဆေးတွေက ဒီမွေးမြူရေး သုံးဆေးတွေကိုပဲ ဒီဒေသကြက်တွေမှာသုံးပေးကြတယ်။ အဲလိုအနေအထား မျိုးမှာကြတော့ အကောင် ၁၀ ကောင် ၂၀ ထဲနဲ့ ဒီကာကွယ်ဆေးတလုံးကိုသုံးမယ်၊ သယ်ယူရမယ့် စရိတ်ရယ်၊ ဆေးရဲ့တန်ဖိုးရယ် ပြောလိုက်မယ်ဆိုရင် လုပ်ငန်းပြီးမြောက်အောင်မြင်မယ်လို့ မဆိုနိုင်ဘူး။ ဒါကြောင့် ကိုယ်ရဲ့တောင်သူ အချင်းချင်းကစုပေါင်းပြီးမှ တစုတစည်းတည်းနဲ့ ဆေးရရှိနိုင်တဲ့ အချိန်ကို တပြိုင်နက်တည်း အတူတူလုပ် ဆောင်နိုင်မယ့် အနေအထားမျိုးဆိုရင်တော့ စောနပြောတဲ့ကာကွယ်ဆေး အစီအစဉ်က အောင်မြင်နိုင်ဖို့ရှိတယ်။ အဓိကကတော့ ကိုယ်တယောက်တည်း တအိမ်တည်းတော့ မဖြစ်နိုင်ဘူး။ ဆေးရဲ့တန်ဖိုးသော်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေး အနေအထားအတွက်လည်ကောင်း အဲလိုအဆင်မပြေ နိုင်တဲ့အတွက်ကြောင့်မို့လို့ အဓိကတော့တရွာလုံးမှာစုပြီး တနေရာတည်း လုပ်ပေးမယ်ဆိုလိုရှိရင် ဒီကာကွယ်ဆေးထိုးဖို့အစီစဉ်ကိုလုပ်ဆောင်လို့ရပါတယ်။
မေး။ ။ အိမ်တွင်း တနိုင်တပိုင် ကြက်မွေးသူတွေကို ဆရာဝန်အနေနဲ့ ဘယ်လို အကြံပြုချက်တွေ ပေးချင်ပါသလဲ။
ဖြေ။ ။အကြံပြုရမယ်ဆိုရင်တော့ လက်ရှိမွေးမြူနေတဲ့ အလေ့အကျင့်ကို ပိုပြီးတော့ ရောဂါကာကွယ် ထိန်းချုပ်လွယ်တဲ့ အနေအထားဖြစ်အောင် အလေ့အကျင့် ပြောင်းပေးရင်ပိုပြီးတော့ ကောင်းနိုင်မယ်။ တဝက်လွှတ်ကျောင်း တဝက်ခြံလှောင်စနစ်မျိုး ပေါ့နော။ အဲ့လိုအနေအထားမှာဆို လို့ရှိရင် ကြက်ကခြံလှောင်ထားတဲ့အတွက် ဖမ်းရပြုရလည်း လွယ်တယ်ပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ လွှတ်ကျောင်းစနစ် တချို့ကတော့အပင်ပေါ်မှာပဲ အိပ်တယ်ပေါ့နော။ ညဆိုအိပ်တန်းတက်တယ်။ မနက်ဆိုအိပ်တန်းဆင်းတယ်။ အဲ့လိုအခြေအနေမျိုးမှာကျတော့ ကာကွယ်ဆေးပေးဖို့ကလည်း အခက်အခဲတခုအနေနဲ့ဖြစ်တယ်ပေါ့နော။
နောက်တခုက အဲ့ဒီစနစ်က ဘာကိုလည်း အထောက်အကူပြုသေးလဲဆိုလို့ရှိရင် စောနပြောတဲ့ ရောဂါပျံ့နှံ့မှု ထိန်းချုပ်တဲ့နေရာမှာလည်း အကူအညီ အထောက်အပံ့ဖြစ်တယ်။ ဥပမာ ကိုယ့်ခြံက ရောဂါကျနေရင်တောင်မှ ကိုယ့်ခြံကကြက်က တခြားကိုမသွားဘူး တခြားခြံကကြက်လည်း ကိုယ့်ခြံကိုမလာဘူးဆိုလို့ရှိရင် ဒါရောဂါကူးစက်ပျံ့နှံ့မှုက ဖြတ်တောက်လိုက်သလို ဖြစ်တယ်ပေါ့နော။ သူတို့ကို(ကြက်တွေကို) အစာရေစာတိုက်ကျွေးတဲ့နေရာမှာ သန့်သန့်ရှင်းရှင်းပေါ့နော။ သန့်ရှင်းတဲ့ရေ ဥပမာ ရေဆိုရင် တရက်ဘယ်နှစ်ခေါက်လောက် လဲပေးတာပေါ့။ မနက်တခေါက် ညတခေါက်ပေါ့နော။ အဲ့လိုသန့်ရှင်းတဲ့ရေ လဲပေးတာမျိုး အစာခွက်တွေပုံမှန် ဆေးပေးတာမျိုးပေါ့နော။ အဲ့လိုမျိုးလေးလုပ်ပေးစေချင်တယ်။ အဲ့တာဆိုရင်တော့ စောနပြောတဲ့ ဝမ်းပျက်ဝမ်းလျှောတာတို့ ဘာတို့ ကာကွယ်ပြီးသားဖြစ်တာပေါ့နော။ နောက်တခုက ဘာအရေးကြီးသေးလဲဆိုရင် တော်တော်များများအိမ်ကြက်တွေမှာ သန်ချတာ မတွေ့ရဘူးပေါ့နော။ သန်ချတာ မတွေ့ရတဲ့အခါကျတော့ တကယ်တမ်းဆိုရင် သူတို့သည် မြေပြင်မှာဘဲ အစာကောက်ရှာပြီး စားနေတဲ့သတ္တဝါမျိုးဖြစ်တဲ့အတွက် သူတို့တွေမှာ ဒီကပ်ပါးသံကောင်တွေရှိတယ်။ အဲ့လိုသန်ချဆေးတွေ ဘာတွေမသုံးစွဲတဲ့အခါမှာ သူတို့ရဲ့ကြီးထွားမှုကိုလည်း အဟန့်အတားဖြစ်တယ်။ အဲ့တာအပြင်မှာမှ အဲ့လိုကပ်ပါးကောင်တွေက ခန္ဓာကိုယ်အထဲမှာရှိတဲ့ အတွက်ကြောင့်မို့လို့ သူတို့ရဲ့ကိုယ်ခံအားစနစ်ပေါ့ အဲ့တာကိုလည်း လျော့ကျစေတယ်ပေါ့။ နောက်တခုက ရောဂါဖြစ်လာပြီဆိုလို့ရှိရင်လည်း ကိုယ်တယောက်တည်း သိနေလို့မရဘူးပေါ့နော။ ဒါကူးစက်တတ်တဲ့ ရောဂါမျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တတ်နိုင်လို့ရှိရင် စွန့်ပစ်ပစ္စည်းတွေကိုစနစ်တကျစွန့်ပစ်ဖို့ပေ့ါ။ အဓိကကတော့ ကျင်းနက်နက်တူးပြီးတော့ မြေမြုပ်တာထုံးဖြူးတာ အဲ့လိုမျိုးပေါ့နော။ အဲ့လိုမျိုးမလုပ်နိုင်လို့ရှိရင်လည်း မီးရှို့တာပေါ့နော။ အဲ့လိုမျိုးတခုခုအခြေအနေကို လုပ်ပေးတာဆိုရင်တော့ ပိုပြီးတော့မှ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်တဲ့နေရာမှာ ပိုပြီးတော့အကျိုးသက်ရောက်မှုက ပိုပြီးတော့ ကောင်းတယ်ပေါ့နော။ အဲ့တာကြောင့်မို့လို့ စောနပြောတဲ့ ကိုယ့်ဆီမှာကိုယ်ကသိထားတယ်ပေါ့နော။ ကိုယ့်ဆီမှာ ရှိနေတဲ့ဗဟုသုတတွေကို ကိုယ့်ရဲ့အိမ်နီးနားချင်းပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဆွေမျိုးတွေပဲဖြစ်ဖြစ် အခါအားလျော်စွာ၊ စကားဆက်စပ်မိကြတဲ့အခါမျိုးမှာလည်း ပြန်ပြီးမျှဝေကြပါလို့လည်း အကြံပြုချင်ပါတယ်။





