spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီမှာ Save the Children ဝန်ထမ်း ၂ ဦးပျောက်ဆုံးနေပြီး ကားမီးရှို့ခံထားရ

ကရင်နီမှာ Save the Children ဝန်ထမ်း ၂ ဦးပျောက်ဆုံးနေပြီး ကားမီးရှို့ခံထားရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်က တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ (၃၅)ဦးကို ဖမ်းဆီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့နေ့မှာပဲ Save the Children ဝန်ထမ်း ၂ဦးလည်း ပျောက်ဆုံးနေပြီး ကားတစ်စီး မီးရှို့ခံထားတဲ့အထဲ ပါဝင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ Save the Children in Myanmar က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဝန်ထမ်း ၂ ဦးဟာ အနီးအနားကျေးရွာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအပြီး တာဝန်ထမ်းဆောင်ရာရုံးကို ပြန်လာစဉ် ပျောက်ဆုံးခဲ့သလို ၎င်းတို့စီးနင်းလာတဲ့ မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုထားပြီး ဝန်ထမ်းရဲ့အသက်အန္တာရယ်မှာ လွန်စွာစိုးရိမ်နေရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖရူဆိုလူထုကို မီးရှို့သတ်ဖြတ်မှုထဲ အမျိုးသမီး၊ ကလေးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း သတ်ဖြတ်ခံရမှုကို Save the Children အနေနဲ့ ပြစ်တင်ရှုတ်ချထားပါတယ်။

Save the Children ရဲ့ အမှုဆောင်ချုပ် (Chief Executive) ဖြစ်တဲ့ Inger Ashing က
“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။

အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။” လို့ ရေးသားဖော်ပြထားပါတယ်။
Save the Children က မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်မှစတင်ကာ ကျန်းမာရေး၊အာဟာရ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နဲ့ ဝန်ထမ်းပေါင်း ၉၀၀ကျော်တို့ဖြင့် နိုင်ငံအဝှမ်းမှာ လုပ်ကိုင်လျက်ရှိပါတယ်။
ယခုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့ နဲ့ ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်ထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ သို့ပေမယ့် ယခုကဲ့သို့ တိုက်ပွဲနဲ့ အကြပ်အတည်းကာလမှာ ကလေးသူငယ်များအတွက် အကူအညီပေးရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ