spot_img
16.4 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းနေ့စားခမရလျှင် အစည်းအဝေးမလာချင်ကြ

နေ့စားခမရလျှင် အစည်းအဝေးမလာချင်ကြ

-

ဖဲဘူး –

နေ့စားခနှင့်စားစရိတ် ၊ လမ်းစရိတ်မထောက်ပံ့နိုင်သည့် အစိုးရဌာနဆိုင်ရာ လူထုဖွံ့ဖြိုးရေးစီမံကိန်း အစည်းအဝေးတွင် လူထုများက တက်ရောက်လာမှုအား နည်းနေသည့်အခက်အခဲ တွေ့နေရသည်ဟု ဒီးမော့ဆိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်ကပြောသည်။

ဒေသတွင်း ကွင်းဆင်းဆောင်ရွက်သည့်အခါတွင် အသေးစားထောက်ပံ့မှုများပေးနိုင်သည့် NGO , INGO အဖွဲ့အစည်းများ ကဲ့သို့မဟုတ်သည့်အတွက် လူထုများကို တွေ့ဆုံရန် အခက်အခဲနှောက်နှေးမှုများ ရှိစေသည်ဟု ဆိုပါသည်။

” ဘာဖြစ်လို့လဲဆိုရင် သူတို့က ထမင်းစားစရိတ်တွေ လည်းကျွေးနိုင်တယ်။ ခရီးစရိတ်လည်းပေးနိုင်တယ်။ နေ့စားခလည်းပေးနိုင်တယ်။ အဲလိုဖြစ်နေတဲ့ အနေအထားမှာ ကျနော်တို့ ဦးစီးဌာနဆိုတဲ့ ဒီအစိုးရအနေနဲ့ပေါ့နော။
ဌာဆိုင်ရာတွေအားလုံးပဲ။ ဘာပဲလုပ်လုပ် .. ရွာသားအနေနဲ့ ခုချက်ချင်း လက်ငင်းရမှာ လာမယ်ဆိုတဲ့ပုံစံမျိုးတွေ ရှိတယ်ပေါ့နော။” ဟု ဦးမျိုးနိုင်က ပြောသည်။

ကျေးရွာကွင်းဆင်းပြီး အစည်းအဝေးကျင်းပရာတွင် တခြားသော နိုင်ငံတကာ ကူညီမှု အသင်းအဖွဲ့အစည်းများကဲ့သို့ မည်သည့်စားစရိတ် လမ်းစရိတ်များကို မထောက်ပံ့နိုင်သည့် အဖွဲ့အစည်းများသည် လူထုများကိုစည်းရုံးရာ၌ အခက်အခဲ အများကြီး ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။

“ငါတို့က ရွာတွေဆင်း အစည်းဝေးခေါ်ရင် ခရီးစရိတ် စားစရိတ်ကို ရွားသားတွေကို မပေးဘူး ကော်မတီတွေကိုလည်း မပေးဘူးလေ။” ဟု ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါဖုအုပ်စုတွင် လူထုဗဟိုပြု စီမံကိန်းဆောင်ရွက်နေသည့် လက်ထောက်နည်းပညာမှူး ကိုဂျိုးဇက်ကပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမည်ပေါက် ကျေးရွာ ၁၈၂ ရွာရှိပြီး အမည်မပေါက်သေးသည့် ၅ ရွာခန့်ရှိသည့်အတွက် ကျေးရွာအားလုံးလုပ်ငန်းများကို ချက်ခြင်းအကောင်ထည်ဖော်ဆောင်ရွက်ပေးရာတွင်လည်း အခက်ခဲရှိနေသည်ဟု သိရသည်။

တချို့သော နိုင်ငံတကာကူညီရေးအသင်းအဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့အစည်းမှ ပြုလုပ်သော အစည်းအဝေး၊ ဆွေးနွေးပွဲများတွင်လည်း ဒေသခံများအတွက် နေ့တွက်ခ အနည်းဆုံးတရက်လျှင် ငါးထောင်ကျပ် နှင့်လမ်းစရိတ်များ စီစဉ်ပေး ရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ