spot_img
32.5 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်း(၁၂၀) မမ လက်နက်ကြီးကျရောက်မှုကြောင့် ၁၇နှစ်ကျောင်းသားတစ်ဦး ထိခိုက်ပြီး ဘုရားကျောင်းပျက်စီးမှုရှိ

(၁၂၀) မမ လက်နက်ကြီးကျရောက်မှုကြောင့် ၁၇နှစ်ကျောင်းသားတစ်ဦး ထိခိုက်ပြီး ဘုရားကျောင်းပျက်စီးမှုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (စက်တင်ဘာလ ၂၈ရက်) ညနေ ၉နာရီ ၁၀မိနစ်အချိန်မှာ စစ်ကောင်စီပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကြောင့် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ လက်နက်ကြီးကျတာက ဘုရားကျောင်းမှာ သူတို့က ဆရာတော်အိမ်မှာ သူတို့ ၃ယောက် စာကျက်ရင်းနဲ့ သူ့တစ်ယောက်ကိုပဲကျည်စက အိမ်ကို ထိုးပေါက်ပြီး သူ့ကိုထိသွားတာ။ အခုလောလောဆယ် ဆေးရုံပို့ထားတယ်။ ဗိုက်ထိမှန်တာ ဒဏ်ရာက နည်းနည်းပြင်းတော့ အူက အပြင်ထိ ထွက်ကျလာတယ် “ လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီး ထိမှန်တဲ့ ကျောင်းသားဟာ ၉ တန်းကျောင်းသားဖြစ်ပြီး လက်နက်ကြီးကျတဲ့ ကျေးရွာဒေသခံ လူငယ်တစ်ဦး ဖြစ်ပါတယ်။ ကျေးရွာထဲ ၁၂၀ မမ လက်နက်ကြီး တစ်လုံး ကျရောက်ခဲ့တာဖြစ်ပြီး နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ညမှာလည်း ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်တာတွေ ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေပြီး လက်နက်ကြီး နေ့စဉ်ရက်ဆက် ပစ်ခတ်တာတွေ ပိုမိုများလာသလို စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၉ဦး အထိ သေဆုံးနေပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာက ဒေသခံတွေလည်း သေဆုံးမှုဖြစ်စဉ်လည်းရှိနေပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ တိုက်ပွဲကြောင့်၊ လက်နက်ကြီး ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အဦး ၂၅လုံး အထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက စက်တင်ဘာလ ၁ရက်နေ့မှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ