spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeမာလ်တီမီဒီယာ"New Horizon" ကိုယ်ထူကိုယ်ထကျောင်းမှာ တိုင်းရင်းသားစာပေသင်ကြားဖို့ ဆရာမလိုအပ်

“New Horizon” ကိုယ်ထူကိုယ်ထကျောင်းမှာ တိုင်းရင်းသားစာပေသင်ကြားဖို့ ဆရာမလိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

“အသစ်သော မိုးကုပ်စက်ဝိုင်းများ”လို့ အမည်ရတဲ့ “New Horizon” ကိုယ်ထူကိုယ်ထကျောင်းကို ဒီးမော့ဆိုအနောက်ဘက်ခြမ်းတစ်နေရာမှာဖွင့်လှစ်ထားပြီး ဒေသခံလူငယ်တွေကိုပညာသင်ကြားပေးနေပါတယ်။

အဲ့ဒီကျောင်းမှာဆိုရင် အသက် ၁၅နှစ်ကနေ ၁၉နှစ်ကြားကို အတန်းငယ်၊ အသက် ၁၉နှစ်အထက် ၁၀တန်းအောင်ပြီးသူနဲ့ တက္ကသိုလ်တက်ရောက်နေသူကို အတန်းကြီးလို့ ပိုင်းခြားထားပြီး သင်ကြားပေးနေပါတယ်။ အင်္ဂလိပ်စာ၊ လူမှုရေးဘာသာရပ်၊ ဘာသာတရားအကြောင်း၊ ကွန်ပျူတာနဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော စတဲ့ စာပေတွေကို သင်ကြားပေးနေတာဘဲဖြစ်ပါတယ်။

မိခင်ဘာသာစကားကို ကျောင်းသား၊ ကျောင်းသူ ကိုယ်တိုင် ကြိုက်နှစ်သက်ရာရွေးချယ်သင်ကြားခွင့်ရှိပြီး လက်ရှိမှာ ကယား၊ ကယော စာသင်ကြားပေးဖို့ ဆရာမ လိုအပ်နေတယ်လို့ ကျောင်းတည်ထောင်သူ ဆရာမဒင်းဒင်းက ပြောပါတယ်။

“လောလောဆယ်အခက်အခဲကတော့ ကျမတို့ကျောင်းသားတွေက ကယားရှိတယ်။ ကယောရှိတယ်။ ကယန်းရှိတယ်ပေါ့နော။ အဲ့တော့ ကျမတို့လောလောဆယ်အထိက ကယားနဲ့ကယောကိုမသင်ပေးရသေးဘူးပေါ့နော။ ကျမတို့ဆရာ ဆရာမတွေကိုရှာနေတုန်းပဲဆိုတော့။ တခုတော့ရှိတယ်။ ကယန်းတွေကိုယ်တိုင်က ကယန်းစကားပြောပေမယ့် စာပေမှာ စာလုံးပေါင်းမှာခါကျတော့ ကယန်းတွေက အမှတ်နည်းတယ်ပေါ့နော။ ကယားနဲ့ ကယောက အမှတ်ပိုများတာ ကျမတို့တွေ့မြင်ရတယ်။” လို့ ဆရာမဒင်းဒင်းက ပြောပါတယ်။

“New horizon” ကျောင်းကို ဖွင့်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဆရာမဒင်းဒင်းက အခုလိုဆက်ပြောပါတယ်။

“ကျမလည်း အချိန်ကာလတစ်ခုမှာပေါ့နော လူငယ်တွေအများကြီးလေလွင့်နေတာတွေ့ရတယ်။ လမ်းပေါ်မှာကော မိသားစုမှာကော အမျိုးမျိုးအခက်အခဲတွေ အများကြီး ရှိခါကျတော့ ကျမသည် လူငယ်တွေအတွက် အခွင့်အရေးက ဘာဖြစ်မလဲ စဉ်းစားမိခါကျတော့ ပညာရေးကိုသွားတွေးမိတယ်ပေါ့နော။ အခုချိန်မှာ ဘယ်လောက်ပဲအခြေအနေမကောင်းဖြစ်စေ ပညာရေးကို ရပ်တန့်သွားလို့မရဘူးဆိုတာကို ကျမအမြဲတမ်းခံယူထားတယ်ပေါ့နော။ အဲ့တော့ ကျမသည် ဒီကလေးတွေကိုခေါ်ယူပြီးတော့ ဒီကျောင်းကိုစပြီးဖွင့်ခဲ့တာဖြစ်ပါတယ်။” လို့ သူကပြောပါတယ်။

အဲ့ဒီကျောင်းကိုတော့ အခကြေးငွေပေးစရာမလိုဘဲတက်ရောက်နိုင်ပြီး ကိုယ်ထူကိုယ်ထရပ်တည်ထားတဲ့အတွက် ပညာသင်ကြားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းနေကျောင်းစား ပုံစံမျိုးဆောင်ရွက်ထားတာကြောင့် အခြေခံလိုအပ်ချက်ကအစ အဖက်ဖက်က လိုအပ်ချက်ရှိတယ်လို့ ဆိုပါတယ်။

“အခက်အခဲကတော့ ဒီကျောင်းမှာထောက်ပို့သီးသန့်ဆိုရယ်လို့ မရှိဘူးပေါ့နော။ အဲ့တော့ ကိုယ်တိုင်ကပဲ ကျောင်းအုပ်လုပ်ရသလို ထောက်ပို့ ကလည်း ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ပြီးတော့မှ တခြားသော စာသင်တဲ့ဘာသာရပ်တခုကိုလည်း ဝင်သင်နေရခါကျတော့ လုပ်ငန်းတွေကအရမ်းများတယ်ပေါ့နော။ ကျမအတွက်ကော ကျောင်းအနေနဲ့ကော ခက်ခဲသွားတာပေါ့။ ကျမအခက်အခဲကိုပြောရင်တော့ ကျောင်းတစ်ကျောင်းလုံးခက်ခဲသွားတာပါပဲ။ အကယ်၍ ကျမက ဟင်းဖိုးမပေးနိုင်ရင် ကျောင်းကလည်းခက်ခဲသွားတာပေါ့။ အဲ့လိုပုံစံမျိုးတော့ရှိတယ်။” လို့ ဆရာမဒင်းဒင်းကပြောပါတယ်။

ကျောင်းပြီးသွားတဲ့အခါမှာ ကျောင်းသူကျောင်းသားတွေအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေ အတူတကွ ဖန်တီးတာ၊ ဝါသနာတွေကို စုပေါင်းပြီး ပရဟိတ လုပ်ငန်းတွေဆောင်ရွက်တာ၊ မိမိပညာရေးအတွက် အခွင့်အလမ်းကို ကိုယ်ပိုင်ရှာဖွေတာ၊ ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူတွေကို New Horizon မှာ ဆရာ ဆရာမ အဖြစ် ပြန်လည်ခန့်အပ်ပေးတာ ကို ပြုလုပ်ပေးနေတာရှိပါတယ်။

“New Horizon” ကိုယ်ထူကိုယ်ထကျောင်းမှာ ၃လသင်တန်းအနေနဲ့ ၅ကြိမ်၊ ၆လသင်တန်းအနေနဲ့ အပတ်စဉ် ၁ ပြီးဆုံးသွားပြီး လက်ရှိမှာ အတန်းသစ်အတွက် ကျောင်းသားသစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။ ဆရာ၊ ဆရာမ ၁၂ဦးကနေ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ကျော် သင်ကြားပြီးစီးသွားပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ