spot_img
19.1 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာစစ်ဘေးရှောင်ကလေးများတက်ရောက်သည့် ကျောင်းတွင် စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ်ပြုလုပ်ပေး

စစ်ဘေးရှောင်ကလေးများတက်ရောက်သည့် ကျောင်းတွင် စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ်ပြုလုပ်ပေး

-

ခွန်းကလိုင်းဖရီး/ ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသမှာရှိတဲ့ ဘကကျောင်းတစ်ကျောင်းမှာ ကလေးငယ်တွေအတွက် စိတ်ဓါတ်မြှင့်ရေးအစီအစဉ်တစ်ရပ်ကို ကယန်းအရပ်ဖက်လူငယ်အဖွဲ့အစည်းတစ်ခုက မနေ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပါတယ်။

ခုလိုမျိုးအစီအစဉ်ကို ပြုလုပ်ပေးတဲ့အပေါ် ကယန်းအရပ်ဖက်လူငယ်အဖွဲ့အစည်းရဲ့ လူသားချင်းစာနာ ထောက်ထားမှု ကူညီပေးရေးအစီအစဉ်တာဝန်ခံက ခုလို ဆိုပါတယ်။

“ကျမတို့ ရွေးလိုက်တာက အဲ့ဒီဖက်မှာ ဘယ်အဖွဲ့မှ မဝင်ခဲ့ဖူးဘူး၊ ဒီလိုမျိုးသော အစီအစဉ်ပေါ့နော်။ ဘယ်အဖွဲ့မှ မဝင်ခဲ့ဖူးဘူးဆိုတဲ့ဟာ သိလိုက်ရတော့ ပြီးတော့ ဆရာမတွေကလည်း ကြိုဆိုတာပေါ့နော်။ ဒီလိုမျိုး အစီအစဉ်မရှိဘူး ကလေးတွေအတွက် ကောင်းတဲ့ အစီအစဉ်လည်းဟုတ်တယ်ဆိုတဲ့ဟာမျိုး ပြောတော့ သွားဖြစ်တာပေါ့နော်။ အဲ့မှာရောက်တော့ ကလေးတွေလည်း ပျော်ကြတာပေါ့နော်။ ဘာလို့ဆို ဒီလိုမျိုးမကဖူးပေါ့နော်။ ပြီးတော့မှ ဆရာမတွေလည်း ပြောတာပေါ့နော်။ ကျမတို့ ဒီဖက်မှာနေတာ မရီရတာကြာပြီနော်။ ဆရာမတို့လာမှ ရီဖြစ်သွားတယ်။ အရမ်းလည်းပျော်စရာကောင်းတယ်ပေါ့နော်။ ကလေးဖက်အနေနဲ့လည်း ကလေးတွေက ပျော်တာပေါ့နော်။” လို့ အစီအစဉ်တာဝန်ခံက ခုလို ဆိုပါတယ်။

အဆိုပါ စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ်မှာ ကလေးငယ်တွေနဲ့အတူ ကတာတွေ၊ ဂိမ်းကစားပေးတာတွေ၊ မုန့်ဝေပေးတာတွေ၊ စာရေးကိရိယာပေးတာတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေချိုးဆပ်ပြာပေးတာတွေ၊ ကယန်းဘုံအကကို အတူကတာတွေနဲ့ ကယန်းရိုးရာဆန်ပြုတ်အတူ စားသုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး အစီအစဉ်ကို လာရောက်ပြုလုပ်ပေးတဲ့အပေါ် ကျောင်းကော်မတီဥက္ကဌတစ်ဦးက “တကယ်တမ်း လက်ရှိပြောရမယ်ဆို ကျနော်တို့ ရွာရဲ့အနေအထားကလည်း ဒီလိုမျိုးကလေးတွေကို အပြေးပြိုင်ဖို့၊ မုန့်တွေကျွေးဖို့၊ စာအုပ်တွေပေးဖို့ဆိုတာ ကျနော်တို့က မတတ်နိုင်ခဲ့ဘူး။ အခု ဆရာတို့ ဒီလိုမျိုးလာတဲ့အတွက် ကျနော်တို့ အနေနဲ့ အများကြီး ကျေးဇူးတင်တာပေါ့။ နောက်လာဖို့လည်း ကျနော်တို့က ဖိတ်ခေါ်တာပေါ့။” လို့ ဆိုပါတယ်။

အဆိုပါ ဘကကျောင်းမှာ စစ်ဘေးရှောင်ကလေး (၃၀) ကျော်အပါဝင် ကျောင်းသား၊သူ (၉၇)ဦး ပညာသင်ကြားနေကြတဲ့ ကျောင်းလည်းဖြစ်ပါတယ်။

KG အတန်းကနေ ခုနှစ်တန်းအထိဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ဆရာမ (၉) ဦးက စာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

ကယန်းအရပ်ဖက်လူငယ်အဖွဲ့အစည်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ဓါတ်မြှင့်တင်ပေးတဲ့ အစီအစဉ်ကို စစ်ဘေးရှောင်ပြည်သူတွေ ခိုလုံနေထိုင်တဲ့ နေရာ (၁၄) နေရာကို သွားရောက်လုပ် ဆောင်ခဲ့ပြီးဖြစ်သလို ဆက်လက်လည်း လုပ်ဆောင်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ