spot_img
15.6 C
Loikaw
Wednesday 25, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအလယ်ကယန်းဒေသတွင် ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

အလယ်ကယန်းဒေသတွင် ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

-

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းနှစ် ၂၇၆၂ နှစ်၊ ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားတစ်ရပ်ကို ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ ဒီနေ့ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ကယန်းအမျိုးသားအလံတော် အား လွှင့်ထူအလေးပြုတာတွေ၊ ကယန်းနှစ်သစ်ကူး ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ဖတ်ကြားတာတွေ၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၊ ကယန်းပြည် သစ်ပါတီနဲ့ ကယန်းအရပ်ဖက်အဖွဲ့အစည်းအသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားတာနဲ့ ကယန်းရိုးရာ ဘုံအက ဝိုင်းဝန်းကကြတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကယန်းနှစ်သစ်ကူးနေ့အစီအစဉ်ကို အခက်အခဲအကြပ်အတည်းတွေကြားက ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့ရတယ်လို့ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရဲ့ အတွင်းရေးမှူး(၁) ခွန်းမျိုးအောင်က ခုလို ပြောပါတယ်။

“ကျနော်တို့တွေ ဖယ်ခုံအနောက်ဖက်တစ်နေရာမှာ လုပ်ဖို့စဉ်းစားထားတယ်။ ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် လက်နက်ကြီးတွေ ရောက်တော့ ကျနော်တို့လည်း မလုပ်ဖြစ်ဘူးပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်မှာ ဒီမှာ မနေ့ညလည်း လုပ်ရင်းနဲ့ အပေါ်ကို ကြည့်ကြည့် ဖြစ်သေးတယ်။ လေယာဉ်များ ဝဲလာမလားပေါ့။ ကချင်မှာ ဖြစ်ခဲ့သလိုမျိုး မဖြစ်အောင်ပေါ့နော်။ လေယာဉ်များ ဝဲလာမလား ကျနော်တို့ တွေးမိသေးတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့ အတွက်လည်း ဝမ်းမြောက်တယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။”

အဆိုပါ ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားမှာ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက တာဝန်ရှိသူတွေ၊ ကယန်းပြည်သစ်ပါတီက တာဝန်ရှိသူတွေ၊ ကယန်းအရပ်ဖက်အသင်းအဖွဲ့တွေနဲ့ ကယန်းဒေသတွင်း ဇုံစည်းရုံးရေးမှူးတွေနဲ့ ဒေသခံတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ကယန်းနှစ်သစ်ကူးနေ့အစီအစဉ်ဖြစ်မြောက်ဖို့အတွက် ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကယန်းလူငယ် ခွန်းရီးဘက်က “ကျနော်တို့က နိုင်ငံရေးအခြေအနေအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့်ပေါ့ ကျနော်တို့အတွက်က အဟန့်အတားတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အခွင့်အရေးတစ်ခုအနေနဲ့ ကျနော်တို့ရဲ့ ကယန်းနှစ်သစ်ကူးဖော်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ကျနော်တို့ရဲ့ ကယန်းအမျိုးသားအတွက်ရော ကျနော်တို့ ကျေးရွာအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်ပေါ့။”လို့ ဆိုပါတယ်။

ကယန်းနှစ်သစ်ကူးနေ့အကြိုနေ့မှာလည်း ဘော်လီဘော၊ ခြင်းလုံးစတဲ့ အားကစားပြိုင်ပွဲတချို့နဲ့ ကယန်းရိုးရာဆန်ပြုတ်ချက်ပြိုင်ပွဲ၊ တူမီးသေနတ်ပစ်ပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲစတာတွေအပြင် အကြိုညအစီအစဉ်မှာလည်း ဇုံအလိုက် အကပဒေသာပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲစတာတွေနဲ့ နှစ်သစ်ကူးနေ့ကို ကြိုဆိုခဲ့ကြပါတယ်။

အခုလို နှစ်သစ်ကူးနေ့အစီအစဉ်တွေဖြစ်မြောက်ဖို့အတွက် ကယန်းအဖွဲ့အစည်းအသီးသီး၊ ကယန်းအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုတွေက ငွေအားလုပ်အား ထည့်ဝင်လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ