spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းစစ်ကောင်စီစခန်း သိမ်းတိုက်ပွဲမှာ ကရင်နီတပ်မတော် ၁၀ ဦးကျဆုံး၊ နှစ်ပေါင်း ၇၀ကျော် အတွင်း အများဆုံးကျဆုံးခဲ့

စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲမှာ ကရင်နီတပ်မတော် ၁၀ ဦးကျဆုံး၊ နှစ်ပေါင်း ၇၀ကျော် အတွင်း အများဆုံးကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း( မ် )

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတပ်မတော် ( KA ) ဘက်က ၁၀ ဦးကျဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြု ပြောပါတယ်။

“၁၀ ယောက်ကျတာကတော့လေ သူများပြောတာကတော့ မှန်တာပေါ့လေ။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပါတယ်။

ကရင်နီတပ်မတော်ဘက်က တိုက်ပွဲအတွင်း အကျအဆုံးများတာဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အများဆုံး ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယခင်က အများဆုံး ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေသာ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

“ခဏက ကျနော်တို့ ပြောတဲ့အတိုင်းပဲပေါ့လေ။ တိုက်ခိုက်ကြတာဆိုတော့ ဒီလိုမျိုး သေရေးရှင်ရေး၊ ဒဏ်ရာရတာတွေတော့ ရှိကြတာပေါ့နော။ ဒါပေမယ့် ဒီတစ်ခေါက်များတာကတော့ စိတ်ဘယ်ကောင်းမလဲ။ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမယ့် တစ်ရက်တည်း မမြတ်ဘူးပေါ့။ အမြတ်မရှိဘူးပေါ့။ ကျနော့်ခံယူချက်ကတော့ ကလေးတွေနဲ့ နှိုင်းမယ်ဆိုလို့ရှိရင် ရှုံးတာပေါ့လေ။ ဒါပေမယ့် ဒါတွေက ဖြစ်ပြီးသားကိစ္စ မတတ်နိုင်ဘူးလေ။ ဒီအတိုင်းပဲ ကျနော်ကတော့ မှတ်ချက်ချရမယ်ထင်တယ်။” လို့ သူက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကလည်း ၁၀ဦးအထက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

ထိုင်း-ကရင်နီနယ်စပ် BP-12 ကောက်ကောက်စခန်း အနီးမှာရှိပြီး စစ်ကောင်စီရဲ့ ခလရ ( ၁၃၅ ) ၊ ခလရ ( ၅၄ )၊ အမြောက်တပ် အမှတ် ( ၃၆၀ ) တို့ အခြေပြုရာ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲအနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ၁၂၀မမ လက်နက်ကြီး ၁ လက်၊ ၉ မမ ( ၁ ) လက်၊ ငါးကျင်းမြီးစက်လတ် ( ၁ ) လက်၊ MA -2 ( ၃ ) လက်၊ MA -4 ( ၁ ) လက်၊ အမျိုးအစားမသိ လက်နက် ၂ လက်နဲ့ ဗုံးသီး၊ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး တိုက်ပွဲအတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က (၂၂၄) ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော်ကို ၁၉၄၈ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အရပ်သားအစိုးရလက်ထက် ၂၀၁၀ခုနှစ် နောက်ပိုင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ဟာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းတာကို ကန့်ကွက်ပြီး ဒေသအတွင်း ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်း တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ