spot_img
19.2 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်း၂၀၂၂-၂၃ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့်သူ ကရင်နီမှာ (၉၉၅)ဦးရှိ

၂၀၂၂-၂၃ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့်သူ ကရင်နီမှာ (၉၉၅)ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

မတ်လ (၈)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ကျင်းပမယ့် ၂၀၂၂-၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကရင်နီပြည်မှ ဝင်ရောက်ဖြေဆိုမယ့်စာရင်းပေးထားသူ (၉၉၅)ဦး ရှိတယ်လို့ သိရပါတယ်။

စာစစ်ဌာန ၄ ခုရှိပြီး အထက (၁) လွိုင်ကော်မှ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၇၀)ဦး၊ အထက ဘောလခဲ မှ (၉၇)ဦး၊ အထက ဖားဆောင်းမှ (၁၀၀)ဦး၊ အထက မယ်စဲ့ မှ (၂၈)ဦး၊ စုစုပေါင်း (၉၉၅)ဦး ဖြစ်ပါတယ်။

စစ်ကောင်စီကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲနဲ့ပတ်သက်ပြီး လွိုင်ကော် ကျောင်းသားမိဘတစ်ဦးက “ ရွေးချယ်စရာမရှိတာကြောင့် ဖြေခိုင်းလိုက်ရပေမယ့် စိုးရိမ်တယ်။ ပညာတော့ရမယ်မထင်ဘူး အတန်းပဲရမှာ။ ဒါပေမဲ့ မထားပြန်ရင်လည်း ကလေးက အသက်ကြီးသွားပြီး စိတ်လေနေမှာစိုးတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းရှုံးနိမ့်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသူကျောင်းသားအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းကို ဒီနှစ် ၂၀၂၃မှာ နောက်ဆုံးအကြိမ်အဖြစ် ဖြေဆိုခွင့်ရှိမှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စာမေးပွဲအချိန်ဇယားကတော့ လာမယ့် မတ်လ ၈ ရက်မှာ မြန်မာစာ၊ ၉ရက်နေ့မှာ အင်္ဂလိပ်စာ၊ ၁၀ ရက်နေ့မှာ သချင်္ာ၊ ၁၃ရက်နေ့မှာ ဓါတုဗေဒ၊ ၁၄ရက်နေ့မှာ ရူပဗေဒ၊ ၁၅ရက်နေ့မှာ ဘောဂဗေဒနဲ့ ဇီဝဗေဒ၊ ၁၆ရက်နေ့မှာ ပထဝီဝင်၊ ၁၇ ရက်နေ့မှာ သမိုင်း၊ ၁၈ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ စတဲ့ဘာသာရပ်အသီးသီးကို ဖြေဆိုကြရမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀-၂၀၂၁ခုနှစ် ပညာသင်နှစ်မှာ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့နယ်တွေမှာတော့ ကျောင်းသားအချို့က စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေမှာ တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြတာဖြစ်ပါတယ်။

စာစစ်ဌာနရှိတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့နယ်တွေဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တော့ ပါဝင်ခြင်းမရှိပါဘူး။

ကရင်နီပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ ၂သိန်းဝန်းကျင်ရှိနေပြီး ကျောင်းသားအရွယ်အများဆုံးဖြစ်ပါတယ်။ စစ်ရှောင်စခန်းအသီးသီးမှာ ကြားကာလပညာရေး ကိုယ်ထူကိုယ်ထစနစ်နဲ့ သင်ကြားလျက်ရှိနေပြီး ကြားကာလပညာရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်တဲ့အစုအဖွဲ့တွေက ဆောင်ရွက်လျက်ရှိနေကြပါတယ်။

စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဦးစီးကျင်းပတဲ့ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှာတော့ ကရင်နီပြည်မှ ဝင်ရောက်ဖြေဆိုသူ (၅၇၅)ဦးရှိတဲ့အနက် အောင်မြင်သူ (၂၂၂)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံးဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ