spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမော်ချီးဒေသမှာ ကုန်စျေးနှုန်း ၃ဆနီးပါးမြင့်တက်တာကြောင့် ဒေသခံတွေ အခက်အခဲတွေ့

မော်ချီးဒေသမှာ ကုန်စျေးနှုန်း ၃ဆနီးပါးမြင့်တက်တာကြောင့် ဒေသခံတွေ အခက်အခဲတွေ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ အခြေခံ စားသောက်ကုန်တွေရဲ့စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်ခဲရှိနေကြပါတယ်။

ယခင်က စျေးနှုန်းတွေထက် ၃ ဆနီးပါး ပိုမိုမြင့်တက်နေတာဖြစ်ပြီး ကုန်စည်ပို့ဆောင်နိုင်တဲ့ လမ်းကြောင်းတွေပိတ်ထားတဲ့အတွက် အခုလို စျေးနှုန်းမြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လမ်းတစ်ခါပိတ်ပြီဆို ကုန်စျေးနှုန်းက တစ်ခါတက်ပြီ။ ပထမဆုံး လမ်းပိတ်ပြီထား ၅၀၀လောက်ပဲတက်တယ်ကွာ။ အဲ့ ၅၀၀ ကနေဆို သူပြန်မကျတော့ဘူး။ အခုတက်တဲ့ ဆန်၊ဆီ၊ဆား တွေဆို ပြန်မကျတော့ဘူး။ နောက်တစ်ခေါက် လောက်ထပ်ပိတ်လိုက်ကြည့် နောက်ထပ် ၅၀၀ ထပ်တက်ပြီ။ နောက်တစ်ခေါက် ထပ်တက်ပြီအဲ့လိုမျိုး။ တက်ပြီဆိုရင်ပြန်မကျတော့ဘူး” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်နယ်တွင်း စစ်ရေးတင်းမာမှုတွေကြောင့် လမ်းကြောင်းတွေပိတ်ထားရတဲ့အတွက် ယခင်က ၁ရက်သွားလာရတဲ့ခရီးကို ယခုမှာ ၂ရက်နဲ့ သွားလာရတယ်လို့ သူကဆက်ပြောပါတယ်။ လမ်းပိတ်တဲ့နေ့ကစပြီး ကုန်စျေးနှုန်းက တစ်စတစ်စ တက်လာတာလို့ဆိုပါတယ်။

သွားလာရေးအားထားရတဲ့ လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းမကြီးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်ရေးအခြေအနေကြောင့်လက်ရှိမှာ သွားလာလို့မရတော့တာဖြစ်ပါတယ်။

တဖက်မှာလည်း မော်ချီးဒေသခံတွေရဲ့ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဝင်ငွေရ ခဲလုပ်ငန်းကလည်း ခဲစျေးနှုန်းတွေကျနေတာကြောင့် အခက်အခဲရှိနေကြပါတယ်။

“အခုကျတော်တို့မော်ချီးက ခဲလုပ်ငန်းကလည်းအခြေနေသိပ်မကောင်းတော့ ကျတော်တို့လို အခြေခံလူတန်းစားဆို ဒုက္ခရောက်တယ်ပေါ့။ ခဲတွေက ရောင်းတော့လည်း ၀ယ်တဲ့လူကမရှိ။ ပိုက်ဆံကလည်း အဆင်မပြေ။ အဲ့တာနဲ့ပဲ အခုဆိုတော့ နဲနဲချင်းစီ တစ်ရက်လုပ်တစ်ရက်စား သဘောမျိုးပဲဖြစ်နေတယ်ပေါ့။ ဘာမှလည်းငွေမရှိ ပြားမရှိ။ ကုန်စျေးနှုန်းတွေကလည်း ၀င်ငွေနဲ့ထွက်ငွေနဲ့မကိုက်ဘူးပေါ့” လို့ဒေသခံတစ်ဦးကဆိုပါတယ်။

ကုန်စျေးနှုန်း ၃ ဆနီးနီးထိုးတက်သွားပေမဲ့ ခဲစျေးကတော့ ယခင်က ခဲအကောင်း ၁ပိဿာကို ၆၅၀၀၀ကျပ် ရရှိပြီး ယခု ၄၅၀၀၀ကျပ် ပဲရရှိတယ်လို့ ဆိုပါတယ်။

ကုန်စျေးနှုန်း မြင့်တက်လာတာကြောင့် တစ်ရက်လုပ်တစ်ရက်စား အခြေခံလူတန်းစားတွေဟာ စား၀တ်နေရေးကျပ်တည်းလာပြီး ချွေတာစားသုံးနေရသူလည်းရှိလာတယ်လို့သိရပါတယ်။

“ခဲ ၁ ပိဿာမှအခုက ၃သောင်းကျော် ၄သောင်း၀န်းကျင်ကို ဆန်တစ်အိတ်က ၂သိန်း၊ ၂သိန်းခွဲဆိုတော့ ဘယ်လိုမှအဆင်မပြေတော့ဘူးပေါ့” လို့ဒေသခံတစ်ဦးကဆိုပါတယ်။

မော်ချီးဒေသ၊ လိုခါးလိုကျေးရွာနဲ့ အနီးတစ်၀ိုက်မှာ ရွာပေါင်း( ၁၁ )ရွာ ရှိပြီး ကျေးရွာ အလိုက် ကုန်စျေးနှုန်ကွာခြားမှု အနည်းငယ်စီရှိတယ် လို့ဆိုပါတယ်။ ၎င်းတို့ထဲမှာမှ ကုန်စျေးနှုန်းမြင့်တက်တဲ့ ရွာ( ၄ )ရွာရဲ့ အခြေခံစားသောက်ကုန် တစ်ချို့စျေးနှုန်းကို ဖော်ပြလိုက်ပါတယ်။

ကြက်သွန်ဖြူ ၁ပိဿာ -၁၀၀၀၀ ကျပ်
ကြက်သွန်နီ ၁ပိဿာ – ၈၀၀၀ကျပ်
အာလူး ၁ပိဿာ -၈၀၀၀ကျပ်
စားဆီ ၁လီတာဗူး- ၅၀၀၀ကျပ်
ဆား ၁ထုပ် -၁၀၀၀ကျပ်
ကြက်ဥ ၁လုံး- ၅၀၀ ကျပ်
ခရမ်းချဥ်သီး ၁ပိဿာ -၈၀၀၀ကျပ်
ပေါဆန်မွှေး တစ်အိတ် -၂၀၀၀၀၀ ကျပ် (၂သိန်းကျပ်)
အေးရှယ် -၁၄၀၀၀၀ကျပ်( ၁သိန်း၄သောင်းကျပ်)
ဆန်မာ -၁၀၀၀၀၀ကျပ်( ၁သိန်းကျပ်)
အိမ်ကြက် ၁ပိဿာ -၂၅၀၀၀ကျပ်
အမဲသား ၁ပိဿာ -၂၂၀၀၀ ကျပ်
၀က်သား ၁ပိဿာ -၂၅၀၀၀ ကျပ်
ဓာတ်ဆီ ၁လီတာ- ၇၀၀၀ကျပ်
ဒီဇယ် ၁ပုံး(ပုံးဝါ) – ၁၀၀၀၀၀ကျပ် (၁သိန်းကျပ်) စသဖြင့်အသီးသီးရှိကြပြီး ယခင်ကထက် ကုန်စျေးနှန်း ၃ ဆနီးပါးထိုးတက်သွားတယ်လို့ ဒေသခံဆီကသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ