spot_img
18.3 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ ထပ်တိုးရောက်လာတဲ့ စစ်ရှောင်တွေ အမိုးအကာလိုအပ်နေ

စစ်ဘေးရှောင်စခန်းတစ်ခုမှာ ထပ်တိုးရောက်လာတဲ့ စစ်ရှောင်တွေ အမိုးအကာလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာရှိတဲ့ ထီးပရူနူ စစ်ဘေးရှောင်စခန်းမှာ ထပ်တိုးရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက် အမိုးအကာ တွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူ စေတနာ့ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဒီနှစ် မတ်လ အတွင်းမှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အဲဒီက ဒေသခံ တချို့ဟာ ထီးပရူနူ စစ်ဘေးရှောင်စခန်းကို ထပ်မံရောက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီ စစ်ရှောင်စခန်းကို ရောက်ရှိနေတာ ၂လ ကျော်ကြာနေပြီဖြစ်ပေမဲ့ လှူဒါန်းပေးတဲ့ မိုးကာတွေ မလုံလောက်တာကြောင့် အမိုးအကာတွေမရှိပဲ နေထိုင်နေကြရသူတချို့ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

” မပြေတာက သူတို့အတွက် အမိုးအကာပေါ့၊ ကြားဖြတ်အလှူကနေပဲ ကောက်ခံပြီး ပေးရတယ်ဆိုတော့ မလုံလောက်ဘူးလေး၊ စာရင်းအရ တင်တော့တင်ထားပေးတယ်။ ခုထိတော့မရသေးဘူး။” လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ ထီးပရူနူ စခန်းဟာ ၂၀၂၁ ခုနှစ် ကတည်းက ဒေသတွင်း တိုက်ပွဲကြောင့် စစ်ရှောင်တွေ ရွေ့ပြောင်းလာနေကြတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

အရင်က စစ်ဘေးရှောင်တွေ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ထပ်တိုးရောက်လာတဲ့ စစ်ဘေးရှောင်တွေအပါအဝင် လက်ရှိမှာတော့ အိမ်ခြေ ၂၈၅ အိမ် အထိ ရှိနေကာ အိမ်ခြေ ၅၀ ကျော်အတွက် အမိုးအကာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ထပ်တိုးရွေ့ပြောင်းလာတဲ့ စစ်ဘေးရှောင်တွေအများစုဟာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေါလျားခူကျေးရွာ က ဖြစ်တယ်လို့ သိရပါတယ်။ ထပ်တိုးတဲ့ စစ်ရှောင်တွေဟာ အိမ်ခြေ အနေနဲ့ ၅၇ အိမ်ရှိပြီး လူဦးရေ ၁၀၀ ကျော်ရှိပါတယ်။

လက်ရှိမှာ ထီးပရူနူစစ်ဘေးရှောင်စခန်းမှာတော့ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ