spot_img
13.1 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းStarlink အင်တာနက်အသုံးပြုနိုင်ဖို့ ကုန်ကျစရိတ်များပြားတဲ့အတွက် ကရင်နီလူထုတွေ အသုံးမပြုနိုင်

Starlink အင်တာနက်အသုံးပြုနိုင်ဖို့ ကုန်ကျစရိတ်များပြားတဲ့အတွက် ကရင်နီလူထုတွေ အသုံးမပြုနိုင်

-

ကန္တာရဝတီတိုင်း( မ် )

Starlink ဂြိုလ်တုအင်တာနက်ကို ကရင်နီပြည်နယ်အတွင်း နေရာတချို့မှာ အသုံးပြုလို့ရပြီလို့ Free Burma Ranger ( FBR ) အဖွဲ့တည်ထောင်သူ David Eubank က ဇွန်လ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Starlink အင်တာနက်သုံးနိုင်ဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်း၊ ကုန်ကျစရိတ်ဟာ ဈေးနှုန်းကြီးမြင့်တဲ့အတွက် ကရင်နီလူထုတွေ ဝယ်ယူအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Starlink အင်တာနက်အသုံးပြုနိုင်ဖို့ စက်ပစ္စည်းတွေ လိုအပ်ပြီး အဲဒီပစ္စည်းတွေကို တခြားနိုင်ငံကနေ မှာယူရသလို ကုန်ကျစရိတ်အနေနဲ့ မြန်မာငွေ အနည်းဆုံး ကျပ်သိန်း (၈၀)ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“ ဒီစက်က လူတိုင်းသုံးလို့ရတဲ့ လူတိုင်းဝယ်လို့ရတဲ့ နေရာမရှိဘူး။ ကျနော်သိသလောက်ကတော့ အရှေ့တောင်အာရှမှာက ဝယ်လို့ရတဲ့နေရာက ဖြစ်နိုင်ခြေအများဆုံးရှိတာက ဖိလစ်ပိုင်လို့ တွေ့ရတယ်။ အဲဒီတော့ ဖိလစ်ပိုင်မှာ တရားဝင် သွားဝယ်ရမယ်။ ပြီးတော့ မှတ်ပုံတင်ပြီး ဒီဘက်နိုင်ငံကို ပြန်ဖြန့်မယ်ဆိုလို့ရှိရင် ထိုင်းနိုင်ငံကိုလည်း တရားဝင် ဝင်ရမယ် ဖြစ်တဲ့အတွက်ကြောင့်မလို့ ကာစတန် စျေးတွေက အရမ်းမြှင့်နိုင်တယ်။ တော်ရုံတန်ရုံလူတိုင်းက ဖြတ်လို့ရမယ်လို့တော့ မထင်ဘူးပေါ့နော။ အဲဒါနံပါတ် ၂ တစ်ချက် နံပါတ် ၃ တစ်ချက်ကတော့ သူ့ရဲ့ Top-Up fee ပါ။ တော်တော်လည်း စျေးကြီးပါတယ်။နောက်ပြီးတော့ နေရာတကာအလွယ်တကူ သယ်ယူပို့ဆောင်လို့ရတယ်ဆိုပေမယ့် ယန္တာရားတွေ လိုအပ်တယ်ပေါ့နော။ ကိုယ့်ပုခုံးပေါ်မှာထမ်းပြီး သွားလို့ရတဲ့ ယန္တာရားလည်းမဟုတ်ဘူးပေါ့နော အတော်အသင့်လေးပါတယ်။ နောက်ပြီးတော့ မီးအားလည်းအတော်လေးပေးရပါတယ်။ အဲ့တော့ ဘက်ထရီအားတွေ တော်တော်သုံးရပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

Starlink အင်တာနက်လိုင်းကို နေရာတိုင်းမှာ စက်ပ္စည်းတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရနိုင်ပေမယ့် လိုအပ်တဲ့ ကုန်ကျစရိတ်တွေ များပြားပြီး မီးအားတွေနဲ့လည်း အသုံးပြုရမှာ ဖြစ်လို့ ကရင်နီလူထုတွေအတွက်တော့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိကရင်နီပြည်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖြစ်ပွားတဲ့ နေရာဒေသတွေနဲ့ မြို့နယ်အချို့မှာ စစ်ကောင်စီက ဆက်သွယ်ရေး အင်တာနက်လိုင်း တွေကိုဖြတ်တောက်ထားသလို လျှပ်စစ်မီးတွေလည်း မရရှိတော့ပါဘူး။

“ Starlink ဆိုတာဘာလဲတောင် အခုထိမသိဘူး။ သတင်းတွေမှာတော့ အဲဒီလို သုံးလို့ရတယ်ဆိုတဲ့ အကြောင်းတော့ ဖတ်ရတယ်။ ” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ လူထုတွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အနည်းငယ်ရရှိတဲ့ နေရာတွေကို သွားပြီး အွန်လိုင်း ဆက်သွယ်မှုတွေကို ပြုလုပ်နေရပါတယ်။ အဲဒီနေရာတချို့တွေဟာလည်း စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီး မကြာခဏကျရောက်နေတဲ့အတွက် အသက်အန္တာရာယ်လည်း စိုးရိမ်နေရပါတယ်။

Starlink အင်တာနက်ကို အလွယ်တကူ အသုံးပြုခွင့်ရခြင်းအားဖြင့် ကရင်နီပြည်တွင်းဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာသိအောင် ပိုမိုချပြနိုင်မှာဖြစ်တဲ့အတွက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးကြဖို့ကိုလည်း ဦးဗညားက တောင်းဆိုထားပါတယ်။ ပဋိပက္ခဇုံမှာနေထိုင်ကြရတဲ့ လူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စအဝဝတွေကို ကမ္ဘာက သိအောင် အခြေအနေမှန်ကို တိုက်ရိုက် ပြောဆိုနိုင်တာကြောင့် Starlink အင်တာနက်အသုံးပြုခွင့်ရနိုင်ဖို့ အရေးကြီးတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

Starlink အင်တာနက် ဝိုင်ဖိုင်ကနေ ဖုန်း ၁၀လုံးအထက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Starlink ဟာ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် အင်တာနက်အသုံးပြုခွင့်ကို ပံ့ပိုးထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ