spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဇူလိုင်လအတွင်း ပြည်သူ ၉ ဦးသေဆုံးပြီး ၁၆ ဦးအထက် ထိခိုက်ဒဏ်ရာရရှိ

ဇူလိုင်လအတွင်း ပြည်သူ ၉ ဦးသေဆုံးပြီး ၁၆ ဦးအထက် ထိခိုက်ဒဏ်ရာရရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဇူလိုင်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်လအတွင်း ပြည်သူ (၉) ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၁၆)ဦးအထက် ရှိနေပါတယ်။ ဖော်ပြပါအချက်အလက်တွေကတော့ ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီသလောက် စုစည်းသိရှိရမှုသာ ဖြစ်ပါတယ်။

ထိခိုက်သေဆုံးမှုတွေရဲ့ အကြောင်းရင်းတွေကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ၊ ရိက္ခာပြန်ယူရင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှုတွေ၊ စစ်ကြောင်းထိုးရင်း လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေ ဖြစ်ပါတယ်။

သေဆုံးသူ (၉)ဦးထဲမှာ အသက် (၁၈)နှစ်အောက် ကလေးငယ် သုံးဦး ၊ သက်ကြီးပိုင်း အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး(၃)ဦး တို့ ဖြစ်ပါတယ်။ သေဆုံးသူ ကလေးငယ်သုံးဦးထဲ တစ်ဦးကတော့ ဘောလခဲမြို့ပေါ်ကဖြစ်ပြီး အချိန်မီ ဆေးဝါးကုသခွင့်မရတာကြောင့် အသက်ဆုံးရှုံးလိုက်ရပါတယ်။

ထိခိုက်ဒဏ်ရာရသူကတော့ အနည်းဆုံး(၁၆)ဦးထိ ရှိတယ်လို့ သိရှိရပေမယ့် ဒီထက်ပိုပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာတော့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများစု ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ (၁၈)နှစ်အောက် ကလေးငယ် (၄)ဦး လည်းပါဝင်နေတာဖြစ်ပါတယ်။

တိုးတက်သော ကရင်နီပြည်သူအင်အားစု(PKPF)ရဲ့ ဇူလိုင်လ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း စစ်ရှောင်အပါအဝင် ပြည်သူ ၅၀၀အထိ သေဆုံးမှုတွေရှိခဲ့ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့အထိ အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ (၃၈၅၀) ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ