spot_img
31.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနယ်စပ်မှာ စစ်ကောင်စီတပ်တွေရဲ့ လေယာဉ်တွေ မကြာခဏ ကင်းထောက်၊ဗုံးကြဲနေတာကြောင့် ကရင်နီဒုက္ခသည်စခန်း အမှတ်၁ က ပြည်သူတွေစိုးရိမ်၊ ဗုံးခိုကျင်းတူးထားကြ

နယ်စပ်မှာ စစ်ကောင်စီတပ်တွေရဲ့ လေယာဉ်တွေ မကြာခဏ ကင်းထောက်၊ဗုံးကြဲနေတာကြောင့် ကရင်နီဒုက္ခသည်စခန်း အမှတ်၁ က ပြည်သူတွေစိုးရိမ်၊ ဗုံးခိုကျင်းတူးထားကြ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းအဖြစ် နှစ်ပေါင်း ၂၀ ကျော်ရှိနေခဲ့တဲ့ ကရင်နီ ဒုက္ခသည်စခန်းအမှတ် ၁ ပြည်သူတွေဟာ ယခုလပိုင်းတွေအတွင်းမှာပဲ ကရင်နီပြည် နယ်စပ်တလျှောက်ကို စစ်ကောင်စီရဲ့ လေယာဉ်တွေ ကင်းထောက်ပျံဝဲမှု နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

လေယာဉ်သံတွေ အမြဲလိုလိုကြားနေရတဲ့ အပြင် ဒုက္ခသည်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုတဲ့ အချင်းချင်းကြား ပြန့်နှံ့နေတဲ့ အတည်မပြုနိုင်တဲ့ ကောလဟာလ သတင်းတွေကြောင့် စိုးရိမ်စိတ်တွေများပြီး တချို့ဆိုရင် နေအိမ်အောက်မှာ ဗုံးခိုကျင်းတွေပါ တူးထားကြပါတယ်။

“ကျမတို့ကြားရတာက ရပ်ကွက်ထဲမှာ တချို့တွေက သူတို့က စိုးရိမ်စိတ်တွေရှိပြီး ဗုံးခိုကျင်း တူးတာတွေရှိတယ် ။ ဘယ်လောက်တူးတာလဲဆိုတာ ကျမတို့ တိကျမသိဘူးပေါ့နော်။ ကျမ ရပ်ကွက်မှူးတွေမေးကြည့်တော့ တချို့ တကယ်တူးတာတွေရှိတယ် သူတို့တွေ စိုးရိမ်စိတ်တွေ့တယ်ပေါ့။ လေယာဉ်တွေက အမြဲလာတယ် ပြီးတော့ လက်နက်သံတွေက နီးနီးကြားရတယ် အဲ့လိုတွေကြားရတော့ တချို့ထပြေးတာတွေ ရှိတယ်ပေါ့နော်။” လို့ ကရင်နီဒုက္ခသည်စခန်းရဲ့ စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နော်မူသောက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်စပ်က သူတို့ရဲ့ တပ်စခန်းတွေကို အင်အားနဲ့ ရိက္ခာတွေဖြည့်တင်းတဲ့နေရာမှာ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေကို အသုံးပြုနေတဲ့အပြင် နယ်စပ်က ကရင်နီတပ်မတော်ရဲ့ စခန်းကုန်းတွေကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ရက်နေ့မှာပဲ ကရင်နီဒုက္ခသည်စခန်းနဲ့ ၅ ကီလိုမီတာလောက်ပဲ ဝေးတဲ့ ကရင်နီပြည် နယ်စပ်ထဲက ဒေါနိုးကူးစစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒါကြောင့်လည်း နယ်မြေခြင်းနီးစပ်မှုရှိတဲ့ ကရင်နီဒုက္ခသည်စခန်းကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ကောလဟာလ ကြောင့် စခန်းက ပြည်သူတွေက စိုးရိမ်ကြတာဖြစ်ပါတယ်။

“ ဘာဖြစ်လို့လဲဆိုတော့ တူးရတဲ့ အကြောင်းအရင်းက ဘယ်လိုဖြစ်ဖြစ် လုံခြုံစိတ်ချမှုတွေ မရှိတဲ့ အတွက် ကာကွယ်မှုအနေနဲ့ပဲ တူးတာဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့ ကာကွယ်တဲ့ အနေနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာမှာမှ သွားပြောလို့မရဘူးလေ။ ဒါကြောင့်မို့လို့ တူးခြင်းဖြစ်ပါတယ်။“ လို့ ဗုံးခိုကျင်းတူးထားတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာနေထိုင် သူတစ်ဦးက ပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ ဟာ ထိုင်းနိုင်ငံနယ်နမိတ်အတွင်းမှာတည်ရှိနေတာကြောင့် စစ်ကောင်စီတပ်တွေက ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့ အလားအလာနည်းတယ်လို့ ကရင်နီပြည်အစိုးရ (KNPP) ရဲ့ တရားရေးဝန်ကြီးဖြစ်တဲ့ ခူးတော်ရယ်အက်စ်က ပြောပါတယ်။

“သူများဘာမှမလုပ်သေးပဲနဲ့ အရမ်းကြောက်နေရင်လဲ ကြောက်ပြီး သေတတ်တာလဲရှိတယ်လေး။ ဗာမာ စစ်သားတွေ အဲ့လို လာလုပ်မယ်ဆိုရင် ကျနော်တို့လေ့လာ နားထောင်၊ သိရှိတာကတော့ သူတို့ အစီအစဉ်တွေကြည့်ရတာ သူများနိုင်ငံထဲမှာ အဲလိုလုပ်မယ်ဆိုတာ မကြားရဘူးပေါ့နော် မြင်လဲ မမြင်ဘူးနော် “ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၇ – ၉၈ ခုနှစ်အတွင်းမှာ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)နဲ့ ထိုင်းနိုင်ငံအတွင်းက ကျေးရွာတချို့ဟာ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုခံရဖူးပြီး နေအိမ်တချိူ့ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ စခန်းနေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထိုင်း – ကရင်နီနယ်စပ်မှာ ကရင်နီဒုက္ခသည်စခန်း ၂ခုရှိပြီး လူဦးရေအားဖြင့် ၁သောင်းကျော်လောက်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ