spot_img
21.9 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေ

ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွှေညောင်ကုန်း စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေတာကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့တွေထံ အကူညီတောင်းလာတာရှိတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) မှ ကလေးနဲ့ အမျိုးသမီး ကာကွယ် စောင့်ရှောက်‌ရေးအပိုင်း မှာ တာဝန်ယူနေတဲ့ ဆရာမ အန်းဂျလာက ပြောပါတယ်။

“ရွှေညောင်ကုန်းစခန်းပေါ့နော် ဒီ ဒိုမိုဆို အုပ်စုဖက်မှာရှိတဲ့ဟာ ရိက္ခာပြတ်တောက်သွားတာရှိတယ်ဆိုပြီးတော့ မှ KNWO ပေါ့နော် အကူညီတောင်းလာတာရှိတယ်။ အဲ့တာ KNWO အဖွဲ့အနေနဲ့ သွားရောက် ကူပေးခဲ့တယ်ပေါ့နော်။ လတ်တလော ဖြေရှင်းနိုင်ဖို့လောက်ပဲပေါ့နော်၊ ကျမတို့ ဆန် သွားကူညီပေးနိုင်တာပဲ ရှိတယ်။ အမှန်တကယ် ပြတ်လပ်သွားလို့ပေါ့နော်။” လို့ သူက ဆိုပါတယ်။

လက်ရှိပြည်နယ်ရဲ့ စစ်ရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေမှာ လိုအပ်ချက်များနေတာကြောင့် ကူညီဆောင်ရွက်သူတွေအနေနဲ့ စားနပ်ရိက္ခာပိုင်းကိုသာ အဓိက ထား ကူညီနေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ News Light In Karenni မှ အဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“နေ့စဥ်နဲ့အမျှ အခြေခံစားနပ်ရိက္ခာ လိုအပ်မှုတွေရှိနေပါတယ်။ အလှူရှင်ရှာတာခက်တော့ နည်းနည်းစီပဲ ပို့ပေးနိုင်တော့ နေရာများစွာ ရိက္ခာလိုအပ်မှုတွေ ရှိနေဦးမှာပါ။ အဓိက အခြေခံစားနပ်ရိက္ခာကိုသာ အလေးထားရတာ။ မိုးကာ၊ခြင်ထောင်၊အဝတ်အထည်တွေလည်း လိုအပ်နေမှာပဲ ချမ်းအေးလွန်းတဲ့တောတောင်ကြားမှာ နေရတော့လေ” လို့ News Light In Karenni မှ အဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

စစ်ရှောင်ကာလကြာလာသလို စစ်ရှောင်စခန်း တွေ များတာကြောင့် အလှူရှင်တွေအနေနဲ့လည်း စစ်ရှောင်တွေအတွက် လုံလုံလောက်လောက် မကူညီနိုင်ကြတော့ဘူးလို့ သိရပါတယ်။

အဆိုပါ ရိက္ခာပြတ်လတ်နေတဲ့ ရွှေညောင်ကုန်း စစ်ရှောင်စခန်းမှာ ၈၉ အိမ် ဝန်းကျင်ရှိပြီး ဖရူဆို ၊ဒီးမော့ဆို ၊ လွိုင်ကော် စတဲ့ ဒေသပေါင်းစုံက စစ်ရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဆိုင်ရာ ဆေးကုသမှုအပိုင်းတွေမှာလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ