spot_img
22.8 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းအိမ်ထောင်စု ၃၅ စုအတွက် ဆန် အပါအဝင် ရိက္ခာ ၁၆မျိုး ထောက်ပံ့

အိမ်ထောင်စု ၃၅ စုအတွက် ဆန် အပါအဝင် ရိက္ခာ ၁၆မျိုး ထောက်ပံ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်‌ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လပ်မှု ကြုံနေကြတဲ့ စစ်ရှောင်တွေအတွက် ဆန် အပြင် ရိက္ခာ၁၆မျိုးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအဖွဲ့မှ ကိုပြည့်စုံက ကန္တာရဝတီတိုင်း(မ်) ကို ပြော ပါတယ်။

“အဓိကအလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာပေါ့နော် ဒီမိုးတွင်းကာလမှာ ကုန်ဈေးနှုန်းတက်တာကတစ်ပိုင်း အလှူရှင်ရှားလာတာတစ်ပိုင်းကြောင့်မို့လို့ ကျနော်တို့အပါအဝင်ကူညီပေးတဲ့ အဖွဲ့တော်တော်များများက အရင်လောက်မကူပေးနိုင်တော့ဘူး။ ဒါကြောင့် တချို့စစ်ရှောင်နေရာတွေဆိုရင် စားနပ်ရိက္ခာအလှူရှင်မဝင်တာ အနည်းဆုံး ၂လ ကနေ ၄လနီးပါးအထိရှိနေပါတယ်။ကျနော်တို့ ဆန်နဲ့ အခြားရိက္ခာ ၁၆မျိုးကို ဝေခဲ့ဖြစ်တယ်”လို့ ကိုပြည့်စုံက ဆိုပါတယ်။

လက်ရှိကာလမှာ ရာသီတုပ်ကွေးအဖြစ်များနေတာကိုတွေ့နေရပြီး စားနပ်ရိက္ခာ သွားဝေရင်း ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုကိုပါ ‌ပေးတာတွေလည်းရှိတယ်လို့ ကိုပြည့်စုံက ဆက်ပြောပါတယ်။

“ကျနော်တို့အဓိကဆေးအဖွဲ့တွေနဲ့လုပ်ဆောင်ဖြစ်တာများတယ်။ ဘာဖြစ်လို့လဲဆိုရင် ခုရာသီကာလက မိုးရွာရင်လည်းတနေကုန်ရွာ နေမပေါက်အောင်ရွာ ။အရင်တည်းကလည်း အရမ်းအေးတဲ့နေရာတွေဆိုတော့ ရာသီတုပ်ကွေးတွေ အထူးသဖြင့် ကလေးငယ်တွေနဲ့သက်ကြီးရွယ်တွေမှာအဖြစ်များတော့ ကျနော်တို့သွားတဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံတာတွေရှိရင် ကျနော်တို့အသိ ဆေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ရိက္ခာဝေရင်း အာဟာရကျွေးရင်း ကျန်းမာရေးစောင့်ရှောက်မှုပါပေးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အဆိုပါ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအဖွဲ့ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာပိုင်းအပြင် စစ်ရှောင်တွေ အဓိကလိုအပ်မှုရှိတဲ့အပေါ်မူတည်ပြိး သွားရောက်ကူဖြစ်တာများတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ