spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာဏာသိမ်း ကာလအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုခံရသူအမျိုးသမီး ၆၀၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၃၀၀၀ ကျော်ရှိ

အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုခံရသူအမျိုးသမီး ၆၀၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၃၀၀၀ ကျော်ရှိ

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၃ စက်တင်ဘာလ (၂၈) ရက်နေ့အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီး (၆၁၄)ဦး နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ အမျိုးသမီး စုစုပေါင်း (၃၁၇၅) ဦး ထိ ရှိနေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

” အမျိုးသမီးတွေကို ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးထားတာမျိုး။ နောက် ဒီသပိတ်ပွဲတွေမှာ ဖမ်းဆီးခံရတာ၊ ကမ်ပိန်းတွေမှာ ပါဝင်လို့ ဖမ်းဆီးခံထားရတာ အပြင်ကို ဒီတော်လှန်ရေး တပ်သားကို ထောက်ခံတာမျိုး၊ ဒီအကြမ်းဖက် စစ်တပ်ကိုပေ့ါနော် ရှုံ့ချ တဲ့ ပို့စ်တွေကို ဆိုရှယ်မီဒီယာမှာ တင်တာမျိုး၊ ကောမန့်ပေးတာမျိုးတွေ နဲ့ပတ်သက်ပြီးတော့မှ အကြောင်းရင်းအနေနဲ့သူတို့ကို ရည်ရွယ်ပြီးတော့မှ ဖမ်းဆီးကြရတာမျိုးလည်း ဖြစ်ပါတယ်” လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU) မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ကန္တရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ အချက်အလက်တွေကို အဓိကကိုးကားထားတဲ့အပြင်၊ ခိုင်လုံတဲ့ သတင်းမီဒီယာကနေပြီး ထုတ်ဖော်ရေးသားထားတဲ့ သတင်းအချက်အလက်အပေါ် အခြေခံပြီး မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြန်လည် စုစည်းတင်ပြထားခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်တွေ့မြေပြင် အခြေအနေအရ သတင်းအချက်အလက် စီးဆင်းမှုအပိုင်းမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေများ တာကြောင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အနေနဲ့ သတင်းအချက်အလက်အကုန်လုံးကို လက်လှမ်းမမီနိုင်သေးတဲ့အတွက် ကိန်းဂဏန်းတွေဟာ အခုထက်ပို များနိုင်တယ်လို့လည်း ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီး (၅၃၈) ဦးရှိပြီး၊ တချို့မှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူတွေရှိသလို ထောင်ဒဏ် နှစ် ၄၀၊ ၆၀ စတဲ့ ပြစ်ဒဏ်တွေကို ကျခံရတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမဲ့ လွတ်မြောက်လာသူစာရင်းကို ဖော်ထုတ်နိုင်ဖို့ အခက်အခဲရှိတယ်လို့ BWU က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ