Homeသတင်းလွိုင်ကော်ရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ ပြည်သူဘက်သို့ကူးပြောင်းလာ၊ KNDF က ငွေသိန်းသုံးဆယ် ပေးအပ်

လွိုင်ကော်ရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ ပြည်သူဘက်သို့ကူးပြောင်းလာ၊ KNDF က ငွေသိန်းသုံးဆယ် ပေးအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ ရဲစခန်းက ရဲအရာရှိ တစ်ဦးဟာ စစ်ကောင်စီလက်အောက်ကနေနုတ်ထွက်ပြီး CDM လုပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်က ချိတ်ဆက်လာခဲ့တာကြောင့် KNDF တပ်ရင်း (၂) မှ သွားရောက် ခေါ်ထုတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၂) က ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ရဲသားဟာ ၂၀၁၈ ခုနှစ်အတွင်း ရဲဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမိုးတင်(အမည်ပြောင်း) ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

G3 သေနတ်တစ်လက်နဲ့ ကျည်အချို့ကိုယူဆောင် အပ်နှံခဲ့တဲ့အတွက် KNDFမှ ငွေသိန်းသုံးဆယ်ကျပ်ကို ပြန်လည်ပေးအပ်ခဲ့တာရှိပြီး မိသားစုဘဝဆက်လက်ရပ်တည်နိုင်အောင်လည်း တပ်ရင်းက ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်မှ လွတ်မြောက်ချင်သူ တပ်မတော်သားဖြစ်စေ ရဲသားဖြစ်စေ KNDF တပ်ရင်းအနေနဲ့ ကြိုးစားခေါ်ထုတ်ပေးဖို့ရှိပြီး နိုင်ငံအတွက် အကြီးမားဆုံးနဲ့ အကောင်းဆုံးပြုလုပ်သွားကြဖို့ ကိုလည်း အကြံပြုချင်တယ်လို့ KNDF တပ်ရင်း ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ