spot_img
16.4 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းဖမ်းဆီးခံရတဲ့ သတင်းသမား ၅၂ဦး လွတ်မြောက်ရေး IPCM တောင်းဆို

ဖမ်းဆီးခံရတဲ့ သတင်းသမား ၅၂ဦး လွတ်မြောက်ရေး IPCM တောင်းဆို

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရတဲ့ သတင်းသမား (၅၂)ဦးဟာ နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး သတင်းသမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း IPCM အတွင်းရေးမှူး တိုးဇော်လတ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“လွတ်လပ်ရေးနေ့က ၃ယောက်လွတ်လာတာပေါ့။ ဒါပေမဲ့ ၅၂ယောက် ကျန်သေးတယ်ဆိုတာ သိအောင်လို့ ကျနော်တို့က ပထမဆုံးအနေနဲ့ statement ထုတ်တာပါ။ ကျနော်တို့ အလုပ်ကတော့ သတင်းမီဒီယာကောင်စီရဲ့အလုပ်အတိုင်းပဲ သတင်းသမားတွေသည် သတင်းအလုပ်ကိုလုပ်တာ ရာဇဝတ်ပြစ်မှုမဟုတ်ပါဘူး အဲ့ဒါကို ဖမ်းဆီးထောင်ချတာ လုံးဝလက်ခံမှာ မဟုတ်ပါဘူး။” လို့ တိုးဇော်လတ်က ပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲအပါအဝင် စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား (၁၇၀)ဦးထိရှိပြီး လက်ရှိမှာ (၁၁၈)ဦးသာ ပြန်လည်လွတ်မြောက်သေးတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီကနေ့ ဇန်နဝါရီလ ၁၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၄ရက်နေ့ (လွတ်လပ်ရေးနေ့)မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား ၉၇၆၆ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အဲ့ဒီအထဲမှာ သတင်းမီဒီယာသမား သုံးဦးဖြစ်တဲ့ ကိုကောင်းဆက်လင်း(MPA) ၊ ကိုထွန်းသန်းအောင် နဲ့ ကိုတိုးအောင် (မဲခေါင်သတင်းဌာန၊ သတင်းထောက်ဟောင်း) တို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က၊ ပန်းပင်ကြီးလမ်းမှာ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကားနဲ့ ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကိုကောင်းဆက်လင်းလည်းပါဝင်ခဲ့ပြီး ထောင်ထဲမှာ ၂နှစ်ခန့် နေထိုင်ခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

သတင်းသမားတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူတင်ဆက်ခြင်းဟာ တည်ဆဲဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ ပြည်သူတို့သတင်းရယူသိပိုင်ခွင့်ကို တရားဝင်လုပ်ဆောင်ပေးခြင်းဖြစ်တာကြောင့် လွတ်လပ်စွာသတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေတဲ့ တားဆီးနှောက်ယှက်မှု၊ ဖမ်းဆီးထောင်ချမှုတွေဆို ပြင်းထန်စွာရှုံ့ချထားပါတယ်။

သတင်းရေးသားဖော်ပြခြင်းဟာ ပြစ်မှုကျူးလွန်းခြင်း မဟုတ်တာကြောင့် IPCM အနေနဲ့ ဖမ်းဆီးခံ သတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ရေး နဲ့ တရားဝင် မီဒီယာလုပ်ငန်းတွေ လုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြင့်တင်ရေး၊ သတင်းသမားများ အကာအကွယ်ရရှိရေးနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ တရားဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကို မြန်မာသတင်းမီဒီယာ အဖွဲ့ပေါင်း ၃၀ ကျော်နဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ