spot_img
23.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ပြီး ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ပြီး ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

-

ကန္တာရဝတီတိုင်း ( မ် )

တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်၊ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၁၀၉ ဦးကို ပါပုကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်သား ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီပြည်တပ်မတော်( KA ) ထံကနေ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ စကခ (၂) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၅၁၅/၅၁၆) နဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခလရ (၁)၊ လွိုင်ကော် ဒကစ လက်အောက်ခံ တပ်ရင်း ၁၃၅ တို့ ပါဝင်တဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ပါပုကျေးရွာမှာ တစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ (၅၃) ဦးရှိတယ်လို့ သိရပါတယ်။ အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၅၆ ဦးထဲမှာ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ တပ်ခွဲမှူးနဲ့ အရာရှိ အဆင့်ထိ ပါဝင်တယ်လို့ သိရပါတယ်။

“မနေ့ကတော့ မနက် ၆ နာရီကနေ ည ၅ နာရီအထိ တိုက်ပွဲဖြစ်တယ်။ စခန်းမဟုတ်ဘူး။ အဲ့ဒီဖားဆောင်းကနေ စစ်ကူလာတဲ့အဖွဲ့ ထူးချောင်းကနေ လာတာလေ အဲ့တုန်းက ကျနော်တို့ တပ်နဲ့ တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်တော့ ဖမ်းမိတာကတော့ ၅၀ ကျော်တယ်။ လက်နက်ကတော့ ၇၆ လား ရတယ်။”လို့ ကရင်နီပြည်တပ်မတော် (KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲကို တော်လှန်‌ရေးတပ်ဖွဲ့တွေ ဆင်နွဲနေတာ နှစ်လနီးပါးရှိသွားပြီဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF ) ရဲ့ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ ဖားဆောင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်း ( ၉ ) ခုရှိတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီစခန်းတွေကတော့ စေတီကုန်း( ပါပု )၊ စေတီကုန်း ( ၂ )၊ ရဲစခန်းတံတား၊ စစ်ဆေးရဲဂိတ် ( ၂ ) ခု၊ မြို့နယ်ခန်းမ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း ဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ