spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းစစ်ဘေးရှောင်များ ဆေးပြတ်လပ်မှုမရှိအောင် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက သွားရောက်ကူညီပေး

စစ်ဘေးရှောင်များ ဆေးပြတ်လပ်မှုမရှိအောင် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက သွားရောက်ကူညီပေး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း သုံးခုမှာ နာတာရှည်ရောဂါတွေ ခံစားနေရတဲ့ စစ်ဘေးရှောင်တွေ ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက်​ ဒေသဖွံ့ဖြိုးရေးအဖွဲ့တခုကနေ သွားရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂၊ ၂၃ ရက်နေ့မှာ သွားရောက်ခဲ့တာဖြစ်ပြီး စခန်းနေ စစ်ဘေးရှောင်တွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့တယ်လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“နာတာရှည်ရောဂါတွေပဲ များတယ် သွေးတိုး၊ ဆီးချိုတွေပဲ။ ကလေးပိုင်းတွေမှာတော့ နှာစေး ချောင်းဆိုးရယ်၊ ယားယံတာလောက်ပါပဲ။ နာတာရှည်ရောဂါတွေက ထက်ဝက်ချိုးနေတယ်လေး ၆၅ ရာခိုင်နှုန်းအထိ ဖြစ်နေတယ် သွေးတိုး၊ ဆီးချိုတွေပဲ။ အသက် ၃၀ ကျော်အထက်ကလည်း ဖြစ်နေတယ်။”လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်စခန်းတွေမှာ မကြာခဏ ဖျားနာသူတွေရှိသလို နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေလည်း များပြားတာကြောင့် ဆေးဝါးပြတ်လပ်မှုမရှိအောင် ရည်ရွယ်ပြီး သွားရောက်ကုသမှုပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအနေနဲ့လည်း စိတ်ဖိစီးမှု လျှော့ချနိုင်တဲ့ နည်းလမ်းတွေကိုလည်း မျှဝေပေးခဲ့တယ်လို့ ဆိုပါတယ်။ သွားရောက်ကုသခဲ့တဲ့ အဆိုပါ စစ်ဘေးရှောင်စခန်း ၃ ခုမှာတော့ နာတာရှည်ရောဂါခံစားနေရတဲ့ စစ်ဘေးရှောင် ဦးရေ ၁၀၀ ကျော်အတွက် ဆေးဝါးကုသမှုပေးခဲ့သလို တလစာ သောက်ဖို့ ဆေးဝါးကိုလည်း ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်း ၃ ခုကို ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ ယခု ဧပြီလမှာ တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်း ၃ ခုမှာတော့ လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ