Homeသတင်းIEC တရားရေးဌာနမှ အကျင့်စာရိတ္တ ပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး(ထောင်) ၀န်ထမ်း အတွက် အပတ်စဥ် (၁) သင်တန်းပြီးစီး

IEC တရားရေးဌာနမှ အကျင့်စာရိတ္တ ပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး(ထောင်) ၀န်ထမ်း အတွက် အပတ်စဥ် (၁) သင်တန်းပြီးစီး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC)ရဲ့ တရားရေးဌာန လက်အောက်ရှိ အကျင့်စာရိတ္တ ပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး (ထောင်) ၀န်ထမ်း အပတ်စဥ်(၁) သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ သင်တန်းကာလ နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၄၅ ဦး တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းအတွင်းမှာတော့ အကျဥ်းထောင်စီမံခန့်ခွဲမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ကရင်နီအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“နံပါတ် ၁ တစ်ခုကတော့ စစ်ရေးပြပါတယ်ပေါ့နော်။ နံပါတ် ၂ ကတော့ အခြေခံ နိုင်ငံရေး နောက်ပြီးတော့ ကရင်နီသမိုင်းအကြောင်းပါတယ်။ ပြီးတော့အထိကရုဏ်းနှိမ်နင်းတာပါတယ်။ ပြီးတော့ (Prison Law) အကျဥ်းထောင်ဥပဒေပေါ့နော်။ပြီးတော့ (Prison Management) ပေါ့နော် အကျဥ်းထောင် ကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ဟာလည်း ပါတယ်” လို့ ကရင်နီအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သင်တန်းပြီးမြောက်သွားတဲ့သူတွေဟာ IEC လက်အောက်မှာ မူလ တာဝန်ထမ်းဆောင်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကရင်နီ အကျဥ်းထောင်မှာရှိတဲ့ အမှတ်(၁)ထောင်မှာ အကျဉ်းသား ၁၀၈ ဦးရှိပြီး အမှတ်(၂) ထောင်ကိုတော့ တည်ဆောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်(၂) ‌ထောင်မှာတော့ ဖမ်းဆီးထားတဲ့ အချုပ်သား ၅၆ ဦးရှိတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်တွေမှာ အကျဉ်းသား၊ အချုပ်သားဦးရေများပြားနေပြီး ၀န်ထမ်းလုံလောက်မှုမရှိသေးတာကြောင့် အပတ်စဉ်သင်တန်းတွေကို ဆက်လက်ပို့ချပေးသွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ