spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းကမ္ဘာ့ ဒုက္ခသည်များနေ့ကို ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁) မှာ ပြုလုပ်

ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁) မှာ ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ မယ်ဟောင်​ဆောင်ခရိုင် မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁) မှာပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ရိက္ခာ ထောက်ပံ့ပေးနေတဲ့ TBC အဖွဲ့အစည်းရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဒုက္ခသည်တွေရဲ့ အနာဂတ်အတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခုကို ရရှိဖို့ လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

“ စခန်းအတွင်းတွင် နေထိုင်ခြင်းသည် ရေရှည်ဖြေရှင်းချက်တစ်ခု မဟုတ်ပါ။ အနာဂတ်အတွက် အကန့်အသတ်ရှိသည့် စခန်းအတွင်းတွင် မည်သူမျှမနေထိုင်လိုပါ။ ကျွန်ုပ်တို့အနေနဲ့ သင်တို့၏ အနာဂတ်ကိုတည်ဆောက်ရန် အကူအညီပေးရာတွင် ခိုင်မာသည့် ရေရှည်ခံသောဖြေရှင်းချက် ရစေလိုပါသည်။ ပိုမိုတောက်ပသော အနာဂတ်ကိုတည်ဆောက်ရာအတွက် ဒုက္ခသည် ပညာရေးနှင့် ဒေသအတွင်းတွင် တရားဝင် အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများသည် အလွန်အရေးကြီးပါသည်။ ပညာရေးအခွင့်အလမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည့် အစပျိုးမှုများကို ကျနော်တို့ ရရှိဖို့ လိုအပ်ပါသည်။” လို့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို ကာကွယ်ခြင်း နှင့် ပြန်လည်နေရာချထားရေးတွေ ပေးနိုင်မယ့် မူဝါဒတွေအတွက် နိုင်ငံတကာအသိုင်းအဝန်းကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံကနေ နယ်စပ်တကြောမှာ လက်ခံထားတာ ဆယ်စုနှစ် ၄ စုအထိရှိလာပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဒုက္ခသည်ပေါင်း ၂ သန်းရှိပြီး တစ်ကမ္ဘာလုံးမှာ ၁၂၀ သန်းရှိတယ်လို့ ဆိုထားပါတယ်။ ကရင်နီပြည်မှာတော့ စစ်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရပြီး ဒုက္ခသည်စခန်း (၁) မှာ လက်ရှိနေထိုင်သူ ၈ ထောင်ကျော် နဲ့ စခန်း (၂) မှာတော့ လူဦးရေ နှစ်ထောင် ကျော်ရှိနေပါတယ်။

ထိုင်း – မြန်မာနယ်စပ်တစ်လျှောက်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ ၉ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ စစ်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီစစ်ရှောင်ဦးရေဟာ နှစ်သိန်းရှစ်သောင်းကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ