spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းခြင်၊ ဖြုတ်ကောင်တွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါနဲ့ ငှက်ဖျားရောဂါကို ပွန်ချောင်းစစ်ရှောင်တွေ ခံစားနေရ

ခြင်၊ ဖြုတ်ကောင်တွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါနဲ့ ငှက်ဖျားရောဂါကို ပွန်ချောင်းစစ်ရှောင်တွေ ခံစားနေရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ပွန်ချောင်း စစ်ရှောင်စခန်းမှာ ခြင်နဲ့ ဖြုတ်ကောင် ကိုက်ရာကနေတဆင့် ဖြစ်ပွားလာတဲ့ အရေပြားယားနာ နဲ့ ငှက်ဖျား ရောဂါတွေ အဖြစ်များနေကြတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက် နေတဲ့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင်ဖြစ်တဲ့ ကိုဖိုးဇော်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ခြင်နဲ့ ဖြုတ်ရဲ့ အန္တရာယ်ကြောင့်ပေါ့နော် ကျနော်တို့ ခြင်ဆေးခွေတွေ လိုအပ်သလို ကျနော်တို့တောင် ခေတ္တခန သွားတာ ယားနာမှုတွေတောင် ဖြစ်တယ်။ ဖြုတ်ကိုက် ခြင်ကိုက်လို့လေ ဆိုတော့ ကလေးတော်တော်များများ အရေပြား အဲ့လို အရေပြားရောဂါပေါ့နော်၊ ယားနာမှုတော်တော်များများ ဖြစ်တဲ့အတွက် ယားနာဆေးတော့ တော်တော် လိုအပ် တယ်။ နောက်ငှက်ဖျားနည်းနည်း ပိုများလာတယ်။ ” လို့ ကိုဖိုးဇော်က ဆိုပါတယ်။

ပွန်ချောင်းစစ်ရှောင်စခန်းဟာ တောတောင်ထဲမှာ ရှိနေတာဖြစ်တဲ့အတွက် ယခုမိုးတွင်းကာလမှာ ခြင်နဲ့ဖြုတ်ကောင်တွေ ပေါများနေတာပါ။

စစ်ရှောင်စခန်းမှာ အထိုင်ဆေးပေးခန်းတွေ ဖွင့်တာမျိုးမရှိပဲ ဒေသခံဆေးဆရာမ တွေကနေတဆင့် ကြည့်ရှု ကုသပေး ပေးတာမျိုးတွေပဲရှိတယ်လို့ ဆိုပါတယ်။

“ခြင်ကိုက်လို့ ဖြုတ်ကိုက်လို့ ကုပ်ရာကနေ အနာတွေဖြစ်လာတယ် အဲ့လိုပေါ့။ ခြင်ဆို ခြင်ထောင်ထောင်ရင် သက်သာသေးတယ်။ အဲ့ဖြုတ်က အကောင်သေးတော့ ညမအိပ်ခင်ကတည်းက ကိုက်နေတော့ တောထဲလည်းဖြစ် မိုးရာသီလည်းဖြစ်ဆိုတော့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရတော့ စာသင်ကျောင်းမှာရှိတဲ့ ကလေးဦးရေရဲ့ ထက်ဝက်ကျော်ဟာလည်း အရေပြားယားနာဖြစ်နေကြတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးရာသီကာလမှာလည်း ပွန်ချောင်းစစ်‌ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ တောင်ကျရေကြီးတာကြောင့် စစ်ရှောင်တဲနဲ့ ပစ္စည်းတချို့ မျောပါသွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း မိုးရာသီကာလမှာချောင်းရေမြင့်တက်လာမှုတွေကြောင့် မသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရတာရှိတယ်လို့လည်း သိရပါတယ်။

ပွန်ချောင်းစစ်ရှောင်စခန်းမှာ အိမ်ခြေ (၆၀၀)ကျော်ရှိပြီး စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ