spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းကယန်းပြည်သစ်ပါတီရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှစ် (၃၀)ပြည့်အခမ်းအနားပြုလုပ်

ကယန်းပြည်သစ်ပါတီရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှစ် (၃၀)ပြည့်အခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း (မ်)

ကယန်းပြည်သစ်ပါတီရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှစ် (၃၀) ပြည့်အခမ်းအနားတစ်ရပ်ကို ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာအနီးရှိ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုဌာနချူပ်မှာ ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ကယန်းအမျိုးသားအလံ၊ ကယန်းပြည်သစ်ပါတီအလံ၊ ကယန်းပြည်သစ်တပ်မတော်အလံ၊ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီအလံတွေကို အလေးပြုတာ၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်မှ မိန့်ခွန်းပြောကြားတာ၊ လွိုင်ကော်ကက်သလစ်သာသနာဆရာတော်ဘရွှေမှ ငြိမ်းချမ်းရေးအမှတ်တရ သြဝါဒမြွတ်ကြားတာနဲ့ သဝဏ်လွှာအား ဖတ်ကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကယန်းဒေသမှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့နေရာတစ်ခုဖန်တီးနိုင်တာဟာ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရဲ့ အကျိုးရလဒ်တစ်ခုဖြစ်တယ်ဆိုတာကို ငြင်းလို့မရဘူးလို့ လွိုင်ကော်ကက်သလစ်သာသနာ ဆရာတော်ဘရွှေက ငြိမ်းချမ်းရေးအမှတ်တရ သြဝါဒမြွတ်ကြားရာမှာ ထည့်သွင်းမြွတ်ကြားခဲ့ပါတယ်။

“ကယန်းပြည်သစ်ပါတီရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရဲ့ အသီးအပွင့်တွေဖြစ်တဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်မှုတွေနဲ့ ပြည်သူလူထုတွေရဲ့ လူနေမှုအဆင့်အတန်းတိုးတက်မူတွေကို ဒီဆယ်စုနှစ် (၃) နှစ်သာကာလအတွင်းမှာ ကျနော်တို့ သိသိသာသာမြင်တွေ့နိုင်မှာဖြစ်သလို အထူးသဖြင့် တစ်ကျော့ပြန်စစ်ရေးပဋိပက္ခပြန်ဖြစ်လာတဲ့ ဒီနေ့ဒီချိန်ခါမှာ လူတွေဒုက္ခရောက်တဲ့ခါမှာ ကျနော်တို့ကယန်းဒေသမှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံသောနေရာတစ်ခု ဖန်တီးနိုင်ခြင်းဟာလည်း အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရဲ့ အကျိုးရလဒ်တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။”လို့ လွိုင်ကော်ကက်သ လစ်သာသနာ ဆရာတော်ဘရွှေက ပြောပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး
၁၉၉၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှာ ကက်သလစ်ဘာသာရေးခေါင်းဆောင်တွေရဲ့ ကြားဝင် အကျိုးတော်ဆောင်ပေးမှုနဲ့ နိုင်ငံတော်ငြိမ်ဝမ်ပိပြား မှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးရယူခဲ့ပါတယ်။

အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီခေါင်းဆောင်တွေ၊ တပ်သားတွေ၊ ပါတီဝင်လူငယ်တွေ၊ အသင်းအဖွဲ့ကိုယ်စားလှယ်တွေ၊ မဟာမိတ်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူလူထုမှ လူဦးရေ (၂၀၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ