spot_img
18.3 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နှစ်(၂၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နှစ်(၂၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်အခြေစိုက် သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ နှစ် (၂၀) ပြည့် အခမ်းအနားအတွက် အားပေးအမှာစကားပြောကြားခြင်း၊ မိတ်ဖက်အဖွဲ့အစည်းမှ အခမ်းအနားသို့ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခြင်း ၊တိုင်းရင်းသားမျိုးနွယ်စု အကနဲ့ ဖျော်ဖြေတင်ဆက်ခြင်း၊ သတင်းထောက်တွေရဲ့ မြေပြင်မှာ တွေ့ကြုံရတဲ့အခြေအနေတွေကို တင်ပြခြင်းနဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိတ်မုန့်ခွဲခြင်း နဲ့ မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်းတွေလုပ်ခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနဟာ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းပြီးနောက် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်းမှာတော့ ရုံးသုံး (A4) စာရွက်နဲ့စာရေးပြီး သတင်းစာ ဂျာနယ်ထုတ်ကာ ဖြန့်ဝေမှုပုံစံနဲ့လုပ်ဆောင်ခဲ့ပါတယ်။

“ကန္တာရ၀တီ” ဆိုတဲ့ အမည်နာမဟာ စိမ်းလန်းစိုပြေတဲ့ တိုင်းပြည်လို့ အဓိပ္ပါယ်ရပြီး တိုင်း(မ်) ဆိုတဲ့ နာမကတော့ အချိန်နဲ့တပြေးညီ သတင်းတွေတင်ဆက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

“ရှေးဦးစွာ ရေတွက်လို့မရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေကြရတဲ့ ကရင်နီပြည်သူလူထုများနှင့်အတူ ယနေ့ထိတိုင် အတူရှိနေပေးကြတဲ့ ကန္တာရ၀တီတိုင်း(မ်) ဝိုင်းတော်သူ/သားများကို အထူးပင် လေးစားအသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ သတင်းမီဒီယာအစုအဖွဲ့တစ်ခုအနေနဲ့ နှစ်ပေါင်း (၂၀)အထိ ရပ်တည်ဖြတ်သန်းလာနိုင်တာဟာ ကျနော်/မတို့ရဲ့ လူမှုအသိုက်အမြုံမှာ အမှန်တရားနဲ့ တရားမျှတမှုတို့ကို ယုံကြည်မြတ်နိုးတဲ့ ကရင်နီအမျိုးသားတွေကြောင့်လို့ ဆိုရမှာပါ” လို့ မိတ်ဖက်အဖွဲ့အစည်းကနေ ပေးပို့လာတဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နှစ်(၂၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်နီပြည်တပ်မတော်( KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၊ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူဒယ်နီယာယ် အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ တပ်ပိုင်းဆိုင်ရာ အကြီးအကဲများ နဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ