spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဆယ်ကျော်သက်လူငယ်တွေအတွက် ရောင်နီဦးပညာရေးစင်တာက Pre GED ကျောင်းကို ဖွင့်လှစ်ထား

ဆယ်ကျော်သက်လူငယ်တွေအတွက် ရောင်နီဦးပညာရေးစင်တာက Pre GED ကျောင်းကို ဖွင့်လှစ်ထား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ အခက်အခဲတွေကြောင့် ပညာရေးကိုဆက်လက်မသင်ယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် ရောင်နီဦးပညာရေးစင်တာကနေ Pre GED ကျောင်းကို ဖွင့်လှစ်ထားပါတယ်။

” ကျနော်တို့ ကရင်နီပြည်နယ်မှာ ရှိတဲ့ လူငယ်တွေပေါ့နော။ ဒီဆိုးကျိုးနှစ်ခုပေါ့နော၊ ပထမဒီcovidပေါ့၊ နောက်တစ်ခုက ဒီစစ်တပ်အာဏာသိမ်းတာနဲ့ဆိုတော့ လူငယ်လေးတွေရဲ့ ပညာရေးအနှောက်ယှက် ဖြစ်သွားတယ်ပေါ့နော။ ဆက်လက်ပြီးတော့ ပညာသင်ကြားခွင့်တွေ လျော့နည်းလာတယ်။ ကျောင်းတွေ မရှိတော့ဘူးဆိုတော့ လူငယ်လေးတွေရဲ့ ပညာရေးက အများကြီး အဟန့်တားဖြစ်လာတယ်။ တချို့လူငယ်တွေဆို လမ်းစပျောက်လာတယ်ပေါ့နော်၊ ဒီလိုလူငယ်လေးတွေရဲ့ ပညာရေး၊ အဆင့်မြင့် ပညာရေးကို ဆက်လက်သင်ကြားနိုင်ရန်အတွက် အဓိကရည်ရွယ်ချက်ဖြစ်တယ်ပေါ့” လို့ ကျောင်းအုပ်ကိုဂျိမ်းက ပြောပါတယ်။

ကရင်နီပြည်မှာ ပထမဆုံးအကြိမ်အဖြစ် ရောင်နီဦး ပညာရေးစင်တာကျောင်းကို ကိုယ်ထူကိုယ်ထအဖြစ်နဲ့ ဖွင့်လှစ် သင်ကြားနေတာဖြစ်ပါတယ်။ သင်တန်းသားတွေကို ခေါ်ယူရာမှာလည်း အသက်၁၅နှစ်နဲ့ အထက်လူငယ်တွေ၊ အလယ်တန်းပြီးသွားတဲ့ လူငယ်တွေ၊ အဆင့်မြှင့်ပညာရေးကို ဆက်လက်သင်ယူချင်သူတွေကို ခေါ်ယူပြီး သင်တန်းကာလ ၆လကနေ ၁၀လအထိ သင်ကြားသွားမယ်လို့ သိရပါတယ်။

ဘာသာရပ်တွေအဖြစ် English Four skills နဲ့ Basic Computer သင်ခန်းစာကို သင်ကြားပေးပြီး Pre GED အတွက် ဘာသာရပ်ဖြစ်တဲ့ Languages arts၊ Social Studies ၊ Social Science၊ Maths စတဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားရာမှာ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စျေးနှုန်းမြှင့်လာမှုတွေကြောင့် စားနပ်ရိက္ခာအခက်ခဲတွေ၊ မြန်မာငွေတန်ဖိုး ကျဆင်းလာမှု၊ သင်ထောက်ကူပစ္စည်းတွေ ရှားပါးတာတွေကြောင့် အခက်အခဲတွေကြုံရတယ်လို့ အဆိုပါကျောင်းအုပ်က ဆက်ပြောပါတယ်။

“အခက်ခဲကတော့အများကြီးရှိတယ်။ နိုင်ငံရေးအခြေအနေက တစ်ကြောင်းပေါ့နော။ ဒီလမ်းပန်းဆက်သွယ်ရေးကော ဆိုတော့ ကျနော်တို့ ကျောင်းက ကျောင်းသားကော ဆရာမတွေ အားလုံးက ဒီအဆောင်နေ၊ အဆောင်စားပုံစံမျိုးပေါ့၊ အဲ့စနစ်နဲ့သွားတဲ့အတွက် စားနပ်ရိက္ခာတွေ အတွက်ကတော့ ပြဿနာတွေရှိတာပေါ့နော်၊ အခုလက်ရှိအခြေနေရ ကော ကုန်ဈေးနှုန်းတွေ အရှိန်တိုးလာတာကော၊ နောက်တစ်ခု မြန်မာကျပ်ပေါ့နော ကျပ်ရဲ့ငွေကြေးဖောင်းပွမှုတွေကြောင့် ပေါ့ အခက်အခဲတွေများကြီးရှိတယ်။ နောက်ပြီးတော့ ဒီသင်ထောက်ကူပစ္စည်း တွေကရှာဖို့ မလွယ်ကူဘူး အဲ့ဒီအခက်ခဲတွေတော့ရှိတယ်။” လို့ကျောင်းအုပ်က ဆက်ပြောပါတယ်။

ရောင်နီဦးပညာရေးစင်တာမှာ GED ဘာသာရပ်ကို အဓိက သင်ကြားပေးတဲ့ ကျောင်းဖြစ်ပြီး သင်တန်းသားတွေကို အခြားသော နယ်စပ်ကျောင်းတွေမှာ ဆက်လက်တက်ရောက်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်ထားတာတွေလည်း ရှိတယ်လို့ ကျောင်းအုပ်က ပြောပါတယ်။

“ဒီသင်တန်းပြီးသွားလို့ရှိရင် အဓိကတော့ကျနော်တို့ Focus ထားတာတော့ GEDပေါ့နော် ၊ GEDသင်တန်းကျောင်းတွေကို ဆက်ပြီးတော့ joinနိုင်ဖို့ ကျနော်တို့ ဒီနယ်စပ်ကျောင်းတွေနဲ့ ချိတ်ဆက်ထားတာတွေရှိတယ်၊ ဒါကတော့ ကျောင်းသားကျောင်းသူတွေရဲ့အရည်ချင်းပေါ်မူတည်ပြီးတော့ သူတို့ဝင်ခွင့်တွေဖြေရမှာပေါ့နော၊ ကောင်းလို့ရှိရင်ဆက်လက်ပြီးတော့ပညာဆက်သင်နိုင်အောင် အဲ့လိုအစီစဉ်တွေတော့ ရှိတယ်” လို့ ကျောင်းအုပ်က ဆက်ပြောပါတယ်။

အဆိုပါ ရောင်နီဦးပညာရေးစင်တာ Pre GED ကျောင်းကို ၂၀၂၄ခုနှစ် ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား( ၂၈) ဦးကို ဆရာ၊ဆရာမ(၄) ဦးတို့နဲ့ သင်ကြားပေးလျက်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ