spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဘောလခဲဗျူဟာတပ်ကို ရဟတ်ယာဥ်နဲ့ စစ်ကူထပ်ဖြည့်ပြီး ဒဏ်ရာရလူနာကို ရဟတ်ယာဥ်ဖြင့်တင်ဆောင်သွား

ဘောလခဲဗျူဟာတပ်ကို ရဟတ်ယာဥ်နဲ့ စစ်ကူထပ်ဖြည့်ပြီး ဒဏ်ရာရလူနာကို ရဟတ်ယာဥ်ဖြင့်တင်ဆောင်သွား

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကရင်နီပြည်၊ ဘောလခဲမြို့နယ်မှာရှိတဲ့ ဘောလခဲဗျူဟာတပ်မှာ ရဟတ်ယာဥ်နှစ်စီးနဲ့ စစ်ကူတပ်သား ထပ်မံသယ်‌ဆောင်လာခဲ့ပြီး ယာဥ်ပြန်ထွက်ချိန်မှာ ဒဏ်ရာရ လူနာတွေကို သယ်ဆောင်သွားခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“လူနာတွေကတော့ ထူးချောင်းစခန်းပြန်ဆုတ်တဲ့ချိန် ဒဏ်ရာရတဲ့ လူနာတွေဖြစ်နိုင်သလို ဝမ်ဗလန်း စခန်းကဒဏ်ရာရတဲ့ လူနာတွေဖြစ်နိုင်တယ်ပေါ့။ အသေးစိတ်တော့ မသိရဘူးပေါ့” လို့ ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားမှာရှိတဲ့ ထူးချောင်းတပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ဒုတိယအကြိမ် ရဟတ်ယာဥ်နဲ့ အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဖက်က စစ်ရေးလုပ်ရှားမှုတွေ ဆက်တိုက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထောက်ပို့လေယာဥ်အသုံးပြုကာ ဘောလခဲဗျူဟာတပ်ထဲမှာပဲ လေထီးနဲ့ ပစ္စည်းချပေးခဲ့တယ်လို့ဆိုပါတယ်။

ဘောလခဲမြို့နယ်မှာ ခမရ ၄၃၀၊ ခမရ ၃၃၇၊ ခမရ ၄၂၉ နဲ့ စစ်ဗျူဟာအခြေချတပ် ရှိပါတယ်။ စစ်ဗျူဟာ အခြေချတပ်မှာ ဝမ်ဗလန်းစခန်းကုန်း၊ ၁၂ မိုင်တပ်ကုန်း၊ ၄ မိုင်ကုန်း စတဲ့ အရှေ့ကာကင်း သုံးခုရှိတဲ့အနက် ၁၂ မိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ