spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းကရင်နီပြည်မှာ နေရာကွက်ကျားမိုးများနိုင်တာကြောင့် တောင်ပြိုတာ၊ မြေပြိုတာတွေကို သတိထားဖို့လို

ကရင်နီပြည်မှာ နေရာကွက်ကျားမိုးများနိုင်တာကြောင့် တောင်ပြိုတာ၊ မြေပြိုတာတွေကို သတိထားဖို့လို

-

ကန္တာရဝတီတိုင်း(မ်)

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကရင်နီပြည်အပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံး မိုးရွာသွန်းမှုရှိနိုင်ပြီး ကရင်နီပြည်အနေနဲ့ စိုးရိမ်ရတဲ့ အခြေအနေမရှိပေမဲ့ မိုးကြီး၊ ရေကြီးဖူးတဲ့ဒေသတွေမှာ သတိထားဖို့လိုမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင် က‌ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“တအားကြီး စိုးရိမ်စရာမလိုဘူး။ ရေအရင်ကြီးပြီးသား၊ ရေအရင်ကြီးဖူးတဲ့ ကျေးရွာတွေ တချို့ဒေသတွေ အဲ့နေရာတွေကတော့ ဒါအရင်ကတည်းကိုက မိုးများထားခဲ့တာ ရေကြီးထားခဲ့တာရှိတယ် ဆိုလို့ရှိရင် မိုးနည်းနည်း ရွာတဲ့အခြေအနေ နေရာကွက်ကျား ပြီး မိုးများသွားတာမျိုး ဖြစ်တယ်ဆိုလို့ရှိရင် တော့ ဒီတောင်ပြိုတာ မြေပြိုတာ အဲ့ဒီဟာလေးတွေတော့ တချက် သတိထားဖို့လိုပါတယ်။ လုံးဝကြီး စိုးရိမ်စရာမရှိတော့မယ့် အချိန်က နိုဝင်ဘာ လကုန် မိုးလွန်ကာလပြီးသွားမှ ရောက်ပါမယ်။ “ လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

မိုးများနိုင်တဲ့ဒေသတွေထဲမှာ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ဧရာဝတီတိုင်း ပါဝင်ပြီး ကြိုတင်ခန့်မှန်းချက်အရ နိုဝင်ဘာ ၇ ရက်နေ့ ၁ ရက်တည်းမှာပဲ ၂၄ နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာအထက် (၂ လက်မ နီးပါး) ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသအခြေအနေကြောင့် မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေအပြင် အမိုးအကာအောက် မရောက်သေးတဲ့ ရိတ်သိမ်းပြီး စပါးတွေအတွက်ပါ စိုးရိမ်စရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် တစ်ခုလုံးမှာတော့ မိုးရွာသွန်းမှု အများဆုံးဖြစ်နိုင်ပြီး အခြားသော တိုင်း၊ ပြည်နယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီပြည်နယ်)တွေမှာတော့ မိုးရွာသွန်းနိုင်မယ့် အခြေအနေရှိပေမယ့် မိုးရေချိန် ၂၀ မီလီမီတာ(၀.၇၈ လက်မခန့် – တလက်မ မပြည့်) ခန့်သာ ရွာသွန်းနိုင်ပြီး မိုးများနိုင်မှာ မဟုတ်ဘူးလို့ ဦးဝင်းနိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ