spot_img
21.3 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကမ္ဘာ့ကလေးများနေ့အခမ်းအနားကနေပြန်လာတဲ့ ကျောင်းသားကား မှောက်ပြီး မောင်းနှင်သူ ပွဲချင်းပြီးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများပြား

ကမ္ဘာ့ကလေးများနေ့အခမ်းအနားကနေပြန်လာတဲ့ ကျောင်းသားကား မှောက်ပြီး မောင်းနှင်သူ ပွဲချင်းပြီးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများပြား

-

ကန္တာရဝတီတိုင်း (မ်)

နိုဝင်ဘာလ ၂၀ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စုက ကျေးရွာတစ်ရွာမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အားကစားပွဲကို သွားရောက်ခဲ့တဲ့ ကျောင်းသားကားဟာ အပြန်လမ်းမှာ တိမ်းမှောက်ခဲ့ပြီး ကားမောင်းနှင်သူ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နီဒီးခူ၊ ဟန်လီ၊ ဖရူးခေါ ကျေးရွာက ကျောင်းသုံးကျောင်း ပူးပေါင်းပြီး ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် အားကစားပွဲကို စုပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး အပြန်လမ်း ညနေ ၅ နာရီဝန်းကျင်မှာ ကားတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မတော်တဆမှုဖြစ်တဲ့ ကလေးတွေက ဖရူးခေါကျောင်းက ကလေးတွေပါ။ သူတို့က ကျောင်းမှာ CRC day (the Convention on the Rights of the Child ) အထိမ်းအမှတ် ပြိုင်ပွဲလာလုပ်ရင်းနဲ့ အပြန်မှာ ကားအက်ဆီးဒက်(မတော်တဆ) ဖြစ်သွားတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ကားပေါ်မှာ ကားမောင်းနှင်သူအပါအဝင် ဆရာမ၊ ကျောင်းသား စုစုပေါင်း ၁၉ ဦးလိုက်ပါ စီးနှင်းလာတာဖြစ်ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ထဲမှာ ဆရာမ ၃ဦးအပါအဝင် ကျောင်းသားအားလုံးကို ဆေးရုံပို့ဆောင်ထားရပြီး ၄ဦးမှာ စိုးရိမ်ရဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာကို သွားရတဲ့ လမ်းခရီးက တောင်ပေါ်လမ်းဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“လမ်းက အရမ်းကြမ်းတာလေး။ လမ်းကအတက်အဆင်းများတယ် ပြီးကျတော့ လမ်းကို ကျောက်ချောတောင်ခင်းမထားဘူးလေး။ ကျောက်တော့ ခင်းပေးထားပါတယ်။ ဒါပေမဲ့ကျောက်ချောမခင်းထားတော့ ယာဥ်တွေနှင်းမိရင် အကုန်လှန်ထွက်ကုန်တာလေး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယမန့်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ကလေးများနေ့ဖြစ်ပြီး ကရင်နီပြည်က စာသင်ကျောင်းအသီးသီးမှာ အထိမ်းအမှတ်အဖြစ် အခမ်းအနား၊ အားကစားပြိုင်ပွဲတွေကို အကျဉ်းချုံး ပြုလုပ်သွားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ