spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်း(၃)ရက်တာ ပြည်နယ်အဆင့်လူငယ်ရေးရာဆွေးနွေးပွဲ ကျင်းပခဲ့

(၃)ရက်တာ ပြည်နယ်အဆင့်လူငယ်ရေးရာဆွေးနွေးပွဲ ကျင်းပခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်လူငယ်ရေးရာကော်မတီ၊ Level Up Academy နဲ့ ဌာနေတိုင်းရင်းသားဦးဆောင်ကော်မတီများရဲ့ ဦးဆောင်မှုနဲ့ နိုဝင်ဘာလ ၂၅ရက်ကနေ ၂၇ရက်နေ့အထိ ၃ရက်တာ State Level Youth Forum ( ပြည်နယ်အဆင့် လူငယ်ရေးရာဆွေးနွေးပွဲ ) ကို ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ကရင်နီပြည်မှာရှိတဲ့ ပညာရေးကဏ္ဍအစုအဖွဲ့များ၊ ပါတီနိုင်ငံရေးအစုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးစု အစုအဖွဲ့များ၊ အမျိုးသမီးကဏ္ဍ အစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များ နဲ့ ဘာသာရေးအစုအဖွဲ့များမှ လူငယ်ကိုယ်စားလှယ်များအပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တို့မှ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါပြည်နယ်အဆင့် လူငယ်ရေးရာဆွေးနွေးပွဲ ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ဟာ တော်လှန်ရေးကာလမှာ လူငယ်တွေရဲ့ပါဝင်မှုအခန်းကဏ္ဍအသီးသီးကနေ အခက်အခဲနဲ့စိန်ခေါ်မှုတွေအပေါ်အခြေခံပြီး လူငယ်တွေရဲ့အခန်းကဏ္ဍများ ရှေ့ဆက်ပိုမိုအားကောင်းလာစေနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း Forum ဖြစ်မြောက်ရေးကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျူးလိယက်က ကန္တရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။

“ဒီတော်လှန်ရေးကာလ ကြားကာလထဲမှာ လူငယ်တွေအနေနဲ့ ပိုပြီးမှအင်အားကောင်းဖို့အတွက် ဘယ်လိုသောလုပ်ငန်းစဥ်တွေကို ကျမတို့ ဦးစားပေးလုပ်ဆောင်သင့်လဲဆိုတာကို ဖော်ထုတ်ဖို့အတွက် ကျမတို့ရည်ရွယ်တယ်။ ပြီးတော့ လူငယ်တွေကြားထဲမှာ ပိုပြီးတော့ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ပေါ့နော်၊ ဒီပညာရေးအရပဲပြောပြော၊ နိုင်ငံရေးအရပဲပြောပြော၊ ဒီပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအရပဲပြောပြော network (ချိတ်ဆက်မှု) အားကောင်းဖို့အတွက်ပေါ့နော် ကျမတို့ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်” လို့ပြောပါတယ်။

၃ရက်တာကျင်းပတဲ့ လူငယ်ရေးရာဆွေးနွေးပွဲမှာ အဓိကအကြောင်းအရာတွေအနေနဲ့ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နိုင်ငံရေး၊ လက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်လောင်းကစား စတဲ့အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးမှုတွေအပြင် Guest Speaker တွေကနေတစ်ဆင့် ပြန်လည်မျှဝေပြီး အမေးအဖြေကဏ္ဍတွေနဲ့အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

State Level Youth Forum မှတစ်ဆင့် ရှေ့ဆက်လုပ်ဆောင်သွားမယ့်အရာတွေအနေနဲ့ လူငယ်ရေးရာမူဝါဒဖော်ဆောင်ဖို့အတွက် လူငယ်ရေးရာဌာနထားရှိဖို့ IEC ကို တိုက်တွန်းချက်တွေ ပါဝင်တယ်လို့ ဂျူးလိယက်က ဆက်ပြောပါတယ်။

၃ရက်တာကျင်းပပြီးစီးခဲ့တဲ့ ပြည်နယ်အဆင့်လူငယ်ရေးရာဆွေးနွေးပွဲမှာ အစုအဖွဲ့နဲ့ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်ခန့်က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ