spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမိုးဗြဲမြို့ ၊ ဝါရီဆူးပလိုင်ကျေးရွာက ရေတွင်းမှာ လူတစ်ဦးရဲ့ အရိုးစု ထပ်မံတွေ့ရှိ

မိုးဗြဲမြို့ ၊ ဝါရီဆူးပလိုင်ကျေးရွာက ရေတွင်းမှာ လူတစ်ဦးရဲ့ အရိုးစု ထပ်မံတွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ လူတစ်ဦးရဲ့အရိုးစုကို ရေတွင်းထဲမှာ ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့က ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နေရပ်ပြန်ပြီး ဝါးပြန်ခုတ်တဲ့ အိမ်ရှင် ဒေသခံတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီအရိုးစုက အိမ်ပိုင်ရှင်က ဝါးပြန်ခုတ်တာ တဲဆောက်ဖို့ ဝါးပြန်ခုတ်တာကျတော့ အသံတစ်ခု ကြားရတယ်ပြောတယ် ရေတွင်းထဲမှာပေ့ါနော်။ တကယ့်ငါး ကစားသလိုလို အသံမျိုးနဲ့ ဘာရှိလဲ ရေတွင်းထဲမှာ ငါးတခါမှ မရှိဖူးဘူးဆိုပြီး ပြန်မွှေကြည့်လိုက်တော့ ခြေစုတစုံ အရင်ဆုံးထွက်လာတာပေါ့နော်။ အရိုးပါလာတယ်လို့တော့ပြောတာပေါ့နော်။” ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

အဆိုပါ အရိုးစုရဲ့ အဝတ်အစားအရ အမျိုးသားဖြစ်တယ်လို့ ယူဆကြပါတယ်။ အရိုးစုပေါ်က အဝတ်အစားမှာ K စာလုံးနဲ့ ကြယ်ပုံတွေပါရှိတယ်လို့ ဆိုပါတယ်။

“ကရင်နီတံဆိပ်ဖြစ်တဲ့ K ဆိုတဲ့ စကားလုံးနဲ့ ကြယ်တစ်လုံးပါတယ်။ ကျနော်ထင်တာကတော့ ကျနော်တို့ တိုင်းရင်းသားထဲကပဲ ဒီကရင်နီပြည်ထဲကပဲလို့ အဲ့လို သံသယရှိတာပေါ့။”လို့ အဆိုပါဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း ဝါရီဆူးပလိုင်ကျေးရွာခံတွေ နေရပ်ပြန်သန့်ရှင်းရေးပြုလုပ်နေစဥ် လူတစ်ဦးရဲ့အရိုးစုတွေကို ရေတွင်းထဲမှာ တွေ့ရှိတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဝါရီဆူးပလိုင်ကျေးရွာထဲ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ကျေးရွာခံ အယောက် ၂၀ ပျောက်ဆုံးခဲ့ပါတယ်။ ပျောက်ဆုံးသူတွေရဲ့သတင်းအစအနကို လက်ရှိအချိန်ထိ မကြားရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုလို ကျေးရွာထဲ အရိုးစု ပြန်လည်တွေ့ရှိတာ ၃ဦး ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ