Homeသတင်းတောင်ကြီးမြို့နယ်ရောက် ကရင်နီစစ်ရှောင်တွေ အ‌အေးဒဏ်ကြောင့် ဝမ်းပျက်ဝမ်းလျှော နဲ့ အော့အန်မှုတွေ ဖြစ်ပွား

တောင်ကြီးမြို့နယ်ရောက် ကရင်နီစစ်ရှောင်တွေ အ‌အေးဒဏ်ကြောင့် ဝမ်းပျက်ဝမ်းလျှော နဲ့ အော့အန်မှုတွေ ဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်‌အတွင်းမှာ ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှော နဲ့ အော့အန်တာတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ယခုလ အစောပိုင်း မှာ စတင်ဖြစ်ပွားတာဖြစ်ပြီး စောင်၊ အနွေးထည်တွေမရှိတဲ့အပြင် အမိုးအကာ မလုံခြုံတဲ့နေရာမှာ နေထိုင်ကြရတယ်လို့ အဆိုပါ စစ်ရှောင်ကူညီသူက ပြောပါတယ်။

“ စောင်တွေလဲမလောက် ပြီးလို့ရှိရင် သူတို့နေတဲ့အိမ်တွေက မလုံခြုံတော့လေ။ လေမလုံ၊ အဲ့လိုမျိုးဖြစ်တော့ လေအရမ်းတိုက် အရမ်းအေးတဲ့ခါကျတော့ နှင်းတွေလဲ အရမ်းကျတဲ့ခါကျတော့လေ ဒီမှာ အရမ်းအေးတာဖြစ်တယ်။ ဒါကြောင့်မို့လို သူတို့တွေ သက်ကြီးရွယ်အိုကျတော့ ဒီလိုဝမ်းလျှောတာတွေ ဝမ်းအန်တာတွေ ပြီးတော့ ခြေ လက်တွေကလေ ထုန်သွားတာမျိုးတို့ ဖြစ်တယ်။ မျက်နှာ ယောင်ကိုင်းတာတို့ လေဖြန်းချင်တာလိုလို ဖြစ်ချင်တာတွေပေါ့နော်။ သွေးတိုးတာတွေ ပြီး‌တော့ အစာအိမ်ရောဂါရှိတဲ့သူတွေဆို မလွယ်ဘူးပေါ့နော် အရမ်းအေးတာလေး အဲ့လိုနာတာတွေ ဖြစ်တာများပါတယ်”လို့ သူက ပြောပါတယ်။

ကလေး ၊ လူငယ် ၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင် ဖြစ်ပွားနေတာပါ။ အဆိုပါ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေတာကြောင့် တစ်ကိုယ်သန့်ရှင်းမှု အားနည်းနေကြတယ်လို့လည်း ဆိုပါတယ်။

ငွေကြေးတတ်နိုင်တဲ့ သူတွေက ဆေးရုံ ၊ ဆေးခန်းမှာ ဆေးကုသမှုခံယူနိုင်ပေမယ့် ငွေကြေးမရှိလို့ ဆေးခန်းမသွားနိုင်တဲ့ သူတွေကတော့ သဘာဝနည်းဖြစ်တဲ့ နနွေးမှုန့် နဲ့ ရေနွေး ဖျော်စပ်ပြီး သောက်တာ၊ မြန်မာဆေး (မဟာဖြေဆေး) သောက်တာတွေ ပြုလုပ်ကြပါတယ်။

“မဟာ‌ဖြေဆေးတို့ပေါ့ ပြီး သဘာဝနည်းလမ်းပေါ့ ဒီ နနွေးမှုန့်တို့သောက်တယ် ရေနွေးနဲ့ ဖျော်ပြီးသောက်တယ်။ အဲ့လိုမျိုးလေးတွေ ပြောတာပဲပေါ့နော် နနွေးမှုန့်လေးနဲ့ ဆားတို့ပေါ့ အဲ့တာလေးတွေနဲ့ပဲ တချို့ကသောက်တယ်။” လို့ စစ်ရှောင်ကူညီသူကပြောပါတယ်။

တောင်ကြီးမြို့နယ်ထဲ ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေဟာ လွိုင်ကော် ၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်ဘက်က စစ်ရှောင်တွေဖြစ်ပြီး လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ