spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းရှမ်းတောင်မှာ ကရင်နီ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကူညီသူတွေပြော

ရှမ်းတောင်မှာ ကရင်နီ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကူညီသူတွေပြော

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်လူထုတွေဟာ လူဦးရေအားဖြင့် ၄၀၀၀၀ ကျော်ရှိနေကြဆဲဖြစ်ပြီး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်၊၊

အဆိုပါ ကရင်နီစစ်ရှောင်တွေကို ကူညီဖို့လည်း စစ်ရှောင်ကူညီဆောင်ရွက်သူတွေမှာ ခက်ခဲနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခု ရှမ်းတောင်မှာက အကူအညီရရှိမှုက အရမ်းကိုနည်းပါးလာတာပေါ့လေ။ အထူးသဖြင့် တောထဲတိမ်းရှောင်ကြသူတွေက အကူအညီမရတာ တော်တော်ကြာပြီပေါ့လေ။ အကူညီပို့ရလည်း အရမ်းခက်လာတယ်။ စစ်ရေးကြောင့် မြေပြင်အခြေအနေကြောင့်၊ ဆက်သွယ်ရေး ခက်ခဲကြောင့် အခက်ခဲကလည်း အစုံ။ အကူညီလိုအပ်ချက်လည်း အစုံပေါ့။”လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ကရင်နီပြည်က စစ်ရှောင်လူထုတွေဟာ ညောင်ရွှေမြို့ ၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့ တွေ မှာ တိမ်းရှောင်ကြတာပါ။

ညောင်ရွှေမြို့နယ်ဖက်မှာနေထိုင်တဲ့ စစ်ရှောင်တွေကိုတော့ စစ်ကောင်စီက နေရပ်ပြန်ဖို့ ဖိအားပေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

လက်ရှိ ရှမ်းတောင် ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် တွေ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကရင်နီစစ်ရှောင်တွေအပြင် ပအိုဝ်းဒေသခံတွေပါ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA )ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ပအိုဝ်းပြည်သူတွေ ထောင်နဲ့ချီ တိမ်း‌ရှောင်နေရပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အများကြီးလိုအပ်ပါတယ်။ အဓိကက စားနပ်ရိက္ခာ အကူအညီတွေ တစ်ကိုယ်ရေသုံး အကူအညီတွေပေါ့။ “ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ ထပ်မံတိမ်းရှောင်တဲ့ ပြည်သူတွေဟာ ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်က ထီးစုံရွာ၊ ဖြီးကျွတ်ရွာ၊ နောင်ထောဝ်ကျေးရွာတွေအပြင် မောက်မယ်မြို့နယ်က ထီဟန်းခြွီး၊ ထီဖက်နမ်၊ ထီရီး၊ ငိုရိမ်းစတဲ့ ကျေးရွာက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းတောင်မှာ ၂ဝ၂၄ နှစ်စကနေ ၂ဝ၂၅ ခုနှစ်နှစ်စပိုင်းအထိ တစ်နှစ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၆၀၀၀၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ