spot_img
30.2 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းခိုးလျေဆို စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့ ခပ်ယူရ

ခိုးလျေဆို စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့ ခပ်ယူရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ‌ခိုးလျေဆိုစစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ အကန့်အသတ်နဲ့သာ ရေကို ခပ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

“အခုက ရေနည်းနည်းရှိသေးတယ်၊ ဒီ နှစ်လပိုင်းဆိုရင် အကုန်ခပ်သွားမှာ။ အဲ့ချိန်ကျရင် ခွက်လေးနဲ့ပဲ ခပ်ရတော့မှာ ညချိန်လည်း သွားခပ်ရမယ်၊ မနက်သွားခပ်ရင် သူများကိုလည်း မမှီတော့ဘူးပေါ့။”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးရာသီကာလအတွင်း သိုလှောင်ထားတဲ့ ရေကန်မှာ ယခု ဇန်နဝါရီလအတွင်းမှာပဲ ရေနည်းလာပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာတော့ ရေခမ်းသွားနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိ လက်ကျန်ရေကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စုပေါင်းအသုံးပြုနေရတာကြောင့် ရေပုံးအဝါနဲ့ ဆိုင်ကယ် ၊ ထော်လဂျီစက်ကို အသုံးပြုပြီး သယ်ယူနေပေမယ့် ကားနဲ့သယ်ယူခွင့်ကိုတော့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ခပ်ယူထားတဲ့ရေကိုလည်း ချွေတာသုံးစွဲနေရတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောဆိုပါတယ်။

“ရှေ့ဆက်က ရေအခက်အခဲဖြစ်မယ် ဆိုင်ကယ်နဲ့ တစ်ခေါက်သယ်ရင် ၃ ပုံးရတယ်။ ၃ ပုံးဆိုရင် များတဲ့ မိသားစုက တစ်ရက်စာပဲ ရှိတယ် ဒါက စားဖို့တစ်ခုပဲပေါ့။ ရေမိုးချိုးဆို ပြောမနေတော့ဘူး။ ဆိုင်ကယ်မရှိသူကတော့ တောင်ယာသွားလို လမ်းကြုံရင်တော့ ခပ်ပြန်တာပေါ့။ ခြေလျင်နဲ့ သွားခပ်တာတော့မရှိတော့ဘူး ဒါပေမယ့် တောင်ယာအငှားလိုက်ရင်းနဲ့ ရေယူရတာပေါ့။ တောင်ယာ အငှား တစ်ရက်ဆိုရင် ၄ ပုံး ၅ ပုံးပဲရတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

ဖရူဆို အရှေ့ခြမ်းက ကျေးရွာအများစုဟာ ရေအရင်းအမြစ်မရှိတဲ့ဒေသဖြစ်တာကြောင့် နှစ်စဉ် နွေရာသီရောက်ရှိတိုင်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရတာပါ။ ရေရှားပါးချိန်မှာ သောက်သုံးရေရရှိဖို့ ရေနီကန်ကိုသာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

အဆိုပါ ခိုးလျေဆို စစ်ရှောင်စခန်းမှာတော့ အိမ်ခြေ ၁၈၈ အိမ် ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ